ဂေါ်ဒန် ပါဝင်လာတဲ့ ယူရိုပါလိဂ်ပွဲကြို လေ့ကျင့်ရေး၊ ကွင်းလယ်ခံစစ်သမား နီဗက်စ်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လက်စ်နဲ့ ယူရိုပါလိဂ်ပွဲကြို အသင်းလိုက် လေ့ကျင့်ရေးမှာ လူငယ် တိုက်စစ်သမား ဗန်ဒုတ်အပြင် ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ဂေါ်ဒန်လည်း ပြန်လည် ပါဝင်လာပါတယ်။

ကိုစတက်ဟာ ခြေစွမ်း တည်ငြိမ်လာဖို့ ပွဲချိန် မိနစ် အနည်းငယ် လိုအပ်နေခဲ့တာ ဖြစ်ကာ အခုအခါမှာတော့ အရင်ကထက် ပိုကစားလာနိုင်ပြီလို့ နည်းပြကလော့ပ်က သုံးသပ်သွားပါတယ်။

ဒီကနေ့ည လက်စ်နဲ့ပွဲစဉ်မှာ လန်းဆန်းတဲ့ လူစာရင်းကို ထုတ်သုံးမယ်လို့ နည်းပြက ဆိုတာကြောင့် ပွဲကစားခွင့် နည်းပါးနေတဲ့ အန်ဒို၊ ဂက်ပို၊ ဟာဗေးနဲ့ ဂရာဗင်ဘက်ချ်တို့ ပွဲကစားချိန်ရဖွယ် ရှိနေပါတယ်။

အယ်လီဆန် ဒဏ်ရာရနေတာကြောင့် ယူရိုပါလိဂ်ပွဲစဉ်အတွက် အရန်ဂိုးသမား စာရင်းမှာ ပီတာလူဂါ ဒါမှမဟုတ် မူရော့ဇက်တို့ ပါဝင်လာဖွယ် ရှိနေပါတယ်။

လီဗာပူးအသင်းဟာ ၂၀၂၄ နွေမှာ စာချုပ်ကုန်တော့မယ့် ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးရှိကြောင်း ပြင်သစ်သတင်းဌာနတွေက ဖော်ပြလာပါတယ်။

အယ်လီဆန်က လီဗာပူးပွဲစဉ် ၄ ပွဲလောက်ကို လွဲချော်မှာမို့ ကလယ်ဟာ ဟာ သူ့ရဲ့ အရည်အချင်းကို သေချာလေး ပြသဖို့ အခွင့်အရေး ရလာခဲ့ပြီ ဖြစ်ပါတယ်။

နာမည်ရလာလို့ ပိုပြီး ကျော်ကြားလာလို့ စရိုက်တွေ ပြောင်းလဲသွားပြီလား စူးစမ်းခံရပေမယ့် သူဟာ မပြောင်းမလဲ အရင်လိုပါပဲလို့ ကွင်းလယ်လူ ဆိုစလိုင်က ထုတ်ပြောလာပါတယ်။

လီဗာပူးအသင်းဟာ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ခံစစ်သမား ဂျာအိုနီဗက်စ်ကို စောင့်ကြည့်နေပါတယ်။ ကလပ် အလိုရှိတဲ့ စောင့်ကြည့်စာရင်းမှာ နီဗက်စ်ကိုတော့ စာလုံး အကြီးတွေဖြင့် ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ထရန့်အပြင် ကွင်းလယ်လူ ဘာ့ဂျ်ဆီတစ်ကလည်း Adidas ရဲ့ စပွန်ဆာစာချုပ်မှာ လက်တွဲလိုက်ပြီ ဖြစ်ပါတယ်။

ဆော်ဒီကလပ် Al Ittihad အသင်းဟာ လီဗာပူးအသင်း အားကစားဒါရိုက်တာဟောင်း ဂျူလီယန်ဝတ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီ ဖြစ်ပါတယ်။