

မနက်က ယှဉ်ပြိုင်ကစားတဲ့ လီဗာပူးနဲ့ လက်စ် ပွဲစဉ်မှာတော့ အသင်းက ၄-၀ ဆိုတဲ့ ရလဒ်နဲ့အတူ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဂိုးတွေကို ဒီယက်ဇ်၊ ဂက်ပို၊ ဆာလာနဲ့ နောက်ဆုံးဂိုးအား ဂက်ပိုကပဲ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
သဘောကျဖို့ကောင်းတဲ့ ပွဲနေ့ လူစာရင်း
ပွဲထွက်လူစာရင်းမှာ ဆာလာနဲ့ ဒီယက်ဇ်လို ကစားသမားတွေ ပါဝင်လာတာ ထူးတော့လည်း မထူးဆန်းပါဘူး။ သူတို့ နှစ်ဦးကလွဲရင် ကျန် ပွဲထွက်ကစားသမားတွေက ပွဲချိန် လိုအပ်နေသူတွေချည်းပဲ ဖြစ်ပါတယ်။ နည်းပြအဖွဲ့က ပြင်းထန်တဲ့ ထရိန်နင်ပုံစံ သူတို့ကို ပွဲချိန်ဝက်လောက် ပါဝင်ကစားစေချင်ခဲ့ဟန် ရှိပါတယ်။
ဒီယက်ဇ်ရဲ့ အဖွင့်ဂိုးမှာ သူကိုယ်တိုင်ရဲ့ တိုက်စစ်ကို မောင်းနှင်သွားပုံ၊ ခေါင်းတိုက် အဆုံးသတ်ပုံတွေက ဒီလို ပြိုင်ပွဲအတွက် ကောင်းလွန်းနေပါတယ်။ နောက်ထပ် ၃ မိနစ်အကြာ ဂက်ပိုရဲ့ သွင်းဂိုးမှာ တိုက်စစ်သမား ၃ ဦးရဲ့ တွဲဘက်ပုံတွေက ဖန်တီးမှုလုပ်ဖို့ လွယ်ကူလွန်းတယ်လို့ မြင်စရာ ရှိပါတယ်။
A few angles of that Diaz goal. pic.twitter.com/hiK2FrKXG1
— Shankly's Men (@VishalM19121983) November 30, 2023
လက်စ်ဟာ လီဗာပူးနဲ့ ခြေစွမ်း သိပ်ကွာဟတဲ့ အသင်းဖြစ်တာမို့ အတောင့်တင်းဆုံး တိုက်စစ်နဲ့ ပွဲကို အမြန်ဖြတ်ပြီး ထရန့်၊ ဒါဝင်၊ ဂျုံးတို့ကို ထပ်မံ ပွဲကစားခွင့်ပေးခဲ့ပါတယ်။ နောက်ထပ် လူစားဝင် ကစားသမားတွေထဲမှာ ညာခြမ်းက ဘရတ်ဒလေရဲ့ ခြေစွမ်းက သဘောကျဖို့ ကောင်းခဲ့ပါတယ်။
ကလယ်ဟာအတွက် ယုံကြည်မှု
အယ်လီဆန် သီတင်းပတ် ၂ ပတ်လောက် အနားယူရမှာဖြစ်တာကြောင့် ကလယ်ဟာက လီဗာပူးရဲ့ အဓိက ဂိုးသမား ဖြစ်လာဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူက အသင်းရဲ့ အရန်ဂိုးသမားအဖြစ် ကောင်းလွန်းနေခဲ့ပေမယ့် ဒီရာသီမှာ သိပ်ပြီး လက်စွမ်း မပြနိုင်ပါဘူး။
ဒီမနက်ပွဲကတော့ ကလယ်ဟာအတွက် ယုံကြည်မှုပိုင်း ပြန်တည်ဆောက်ဖို့ အခွင့်အရေး ဖြစ်ခဲ့တယ်။ ဒါပေမယ့် ပထမပိုင်းမှာ သူက ဘာမှတောင် ကာကွယ်ပေးရဖို့ မလိုခဲ့ဘဲ ဒုတိယပိုင်းအတွင်း လက်စ်ဘက်က ခြိမ်းခြောက်လာချိန်မှာ အသင်းက ၃ ဂိုးလောက် ပြတ်နေခဲ့ပါပြီ။
ဘာပဲဖြစ်ဖြစ် သူဟာ ပွဲထိတွေ့ခွင့် ပြန်ရခဲ့သလို အကောင်းမြင်စရာ အခြေအနေတွေ ပြသခဲ့တာကြောင့် လာမယ့် ပွဲစဉ် ၃ ပွဲ ၄ ပွဲအတွက် ယုံကြည်မှုပိုင်း ရှာဖွေနိုင်ခဲ့ဖို့ မျှော်လင့်ပါတယ်။
ခြေပေါ်ခဲ့တဲ့ အရန်ကစားသမားများ
ဂက်ပို၊ ကွမ်းဆက်၊ ဟာဗေး စတဲ့ ကစားသမားတွေဟာ ဒီရာသီမှာ လီဗာပူးအတွက် ပုံမှန် ပွဲထွက်ခွင့်မရဘဲ အရန်ကစားသမားအဖြစ်ပဲ ပွဲကစားချိန် ရနေကြသူတွေ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ သူတို့ဟာ ခြေစွမ်းကောင်းတွေ ပြသခဲ့ပါတယ်။
ဟာဗေးဟာ ဖန်တီးနိုင်စွမ်းရှိပြီး၊ တစ်ကိုယ်ကောင်းဆန်မှု နည်းပါးကာ ပွဲကို ကျစ်ကျစ်လစ်လစ် ကစားခဲ့တယ်။ ညာခြမ်း ကွင်းလယ်လူအဖြစ် လိုင်းတွေကြားထဲ ဝင်ရောက်ကာ သူ့ရဲ့ ဖိအားပေးမှုကော၊ ဘောလုံးပေးနိုင်စွမ်းတွေကပါ အထင်ကြီးဖို့ ကောင်းပါတယ်။ ဂိုးမက်စ်နဲ့ ဝါတာရုလည်း ထူးချွန်ခဲ့ကြပါတယ်။
Lovely goal #gakpo #salah #diaz #trent #LIVLASK #lfc pic.twitter.com/A7RBEm9kOz
— murfogram (@murfogram) November 30, 2023
ဂက်ပိုကတော့ သိသာထင်ရှားတဲ့ တိုးတက်မှုပါပဲ။ သူဟာ တိုက်စစ်မှူး တစ်ယောက် အဖြစ် ပွဲထွက်ရာမှာ ဖာမင်နိုစတိုင် အတွင်းထိ ဆင်းပြီး ကစားမှုတွေဖြင့်လည်း ကူညီခဲ့တယ်။ ၆ ကိုက်စည်းထဲ ပါဝင် ကစားမှုလည်း ရှိခဲ့ပါတယ်။ ဂျိုတာ ဒဏ်ရာရနေတာမို့ ဒါဝင် ဘယ်ခြမ်းထွက်ပြီး ဂက်ပို အထောင်ကစားတဲ့ ပွဲတွေ ရှိလာနိုင်ပါတယ်။
ဘယ်ခြမ်း ကွင်းလယ်နေရာ မျှော်လင့်ချက်
ဂရာဗင်ဘက်ချ်ဟာ လီဗာပူး ကစားသမားဘဝမှာ မဆိုးတဲ့ ခြေစွမ်းမျိုး ပြသထားပေမယ့် ပွဲထွက်ကနေ ပါဝင်ခွင့် များများစားစား မရသေးပါဘူး။ ဂရာဗင်ဘက်ချ်ဟာ အလားအလာရှိပြီး သူ့ရဲ့ အကောင်းဆုံးတွေအတွက် အချိန်ပေးဖို့တော့ လိုအပ်နေဦးမှာပါ။
ပင်နယ်တီ ဧရိယာအတွင်းမှာ သူ့ရဲ့ ပါဝင်မှုတွေဟာ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ ဒါတောင်မှ သူဟာ အခွင့်အရေးကောင်း ၂ ကြိမ်လောက်ကို ဖန်တီးပေးခဲ့တယ်။
ဆက်တိုက်လာတော့မယ့် ပွဲစဉ်များ
လီဗာပူးအသင်းဟာ ယူရိုပါလိဂ်ကို နောက်ဆုံးပွဲ မကစားခင်မှာတင် အုပ်စုဗိုလ်ဖြင့် ရှုံးထွက်ကို တက်သွားခဲ့ပါပြီ။ အခုချိန်မှာ အရေးအကြီးဆုံးက ပရီးမီးယားလိဂ်ဖြစ်ပြီး ဆက်တိုက်သော ပွဲစဉ်တွေမှာ ကြံ့ခိုင်မှုကင်းကင်းဖြင့် ရလဒ်ကောင်းတွေ ယူရတော့မှာ ဖြစ်ပါတယ်။