လီဗာပူးမှာ အချစ်ဆုံး တွဲဘက်တွေ ဖြစ်လာနေတဲ့ ဒါဝင်နူညက်နဲ့ လူးဝစ် ဒီယက်စ်

လီဗာပူးရဲ့ နာမည်ကြီး ခေါ်ယူမှု နှစ်ခုဖြစ်တဲ့ ဒီယက်စ်နဲ့ နူညက်တို့ဟာ အန်ဖီးကို ရောက်ကတည်းက ဘာသာစကား အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။

သူတို့ရဲ့ အစောပိုင်းနေ့ရက်တွေမှာ ကာတစ်ဂျုံးနဲ့ ဟာဗေး အယ်လီးယော့တို့က အဓိက ကူညီပေးကြတာဖြစ်ပြီး အင်္ဂလန်ကွင်းလယ်လူ နှစ်ဦးလုံးဟာ တောင်အမေရိသားတွေနဲ့ လက်ဟန်ခြေဟန် အသုံးပြုပြီး ဆက်သွယ်ကြတာ ဖြစ်ပါတယ်။

ကလော့ပ်ကတော့ ဒါဝင်ဟာ လီဗာပူးအသင်းမှာ သက်သောင့်သက်သာ ရှိနေပေမယ့် သူ့ရဲ့ အင်္ဂလိပ် စကားပြော အားနည်းမှုက ပြဿနာဖြစ်နေတာလို့ ဝန်ခံထားတယ်။ ၆ လအတွင်း ၂ ကြိမ် ဒဏ်ရာရခဲ့တဲ့ ဒီယက်စ်ဟာ အခုချိန်မှာ လေ့ကျင့်ရေး ပြန်ဝင်နေသလို အင်္ဂလိပ်စာ သင်တန်းတွေကအစ ဒါဝင်နဲ့ အတူတူ သင်ယူနေပြီ ဖြစ်ပါတယ်။

ဒီယက်စ်ကပဲ “ အခု ကျနော်တို့ အရမ်းကို ရင်းနှီးနေပါပြီ။ လေ့ကျင့်ရေးကွင်းထဲ စဝင်ချိန်ကစပြီး ကွင်းထဲက ထွက်ခွာချိန်ထိ စက္ကန့်တိုင်းမှာ ကျနော်တို့ နှစ်ယောက်က တပူးပူးတတွဲတွဲ အတူရှိကြပါတယ်။ သူ့လို အသင်းဖော်ကို ပိုင်ဆိုင်ထားတာ အရမ်းကောင်းပါတယ်။ အသင်းအတွက် သူက အများကြီး ကူညီပေးနိုင်တဲ့ အရည်အချင်း ရှိထားပါတယ် ” လို့ ထုတ်ပြောခဲ့တယ်။

လီဗာပူးမှာရှိလာတာ ၁၆ လရှိနေပြီဖြစ်တဲ့ ဒီယက်စ်ဟာ ဘယ်ခြမ်းတောင်ပံမှာ ဒါဝင်နဲ့ နေရာလုရတော့မှာပါ။ ရာသီစ ရုန်းကန်ခဲ့ရတဲ့ ဒါဝင်ကို လီဗာပူးမှာ သူ ဘယ်လို အသားကျလာသလဲ ဒီယက်စ်က ပြောပြခဲ့ပါသေးတယ်။

“ အသင်းဖော်တွေက ကျနော်ကို ဘောလုံး ကောင်းကောင်းကစားစေဖို့ ကူညီပေးကြပါတယ်။ ဘာသာစကားပိုင်းမှာလည်း သက်သောင့်သက်သာ ခံစားရအောင် လုပ်ပေးကြပါတယ်။ လေ့ကျင့်ရေးတိုင်းကို ကိုယ့်အိမ်လို ခံစားရတယ်။ ဒါကြောင့်လည်း ကျနော်က အမြန်ဆုံး အသားကျလာခဲ့တာပါ ” လို့ ဒီယက်စ်က ဆိုသွားတာ ဖြစ်ပါတယ်။