၈၄ နှစ်အကြာမှာ အင်္ဂလန်အသင်းတွေထဲ အကောင်းဆုံး အိမ်ကွင်း စံချိန် တစ်ခုကို လိုက်မှီတော့မယ့် လီဗာပူး

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ လီဗာပူးရဲ့ အထင်ကြီးစရာ အိမ်ကွင်း ပုံစံကောင်းတွေဟာ ၈၄ နှစ်အတွင်း အကောင်းဆုံး အချက်အလက်ကို ပိုင်ဆိုင်ဖို့ ဦးတည်လာစေပြီ ဖြစ်ပါတယ်။

ယူရိုပါလိဂ်မှာ လက်စ်အသင်းကို ၄-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် ဒီရာသီ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ပြိုင်ပွဲစုံ အိမ်ကွင်း ၁၀ ပွဲလုံးကို အနည်းဆုံး ၂ ဂိုးအသာဖြင့် လီဗာပူးအသင်း အနိုင်ရထားပါတယ်။

ဒီရာသီ အိမ်ကွင်း ရလဒ်ကောင်းခြင်းတွေဟာ လီဗာပူးကို ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာ ရောက်စေဖို့၊ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ် ရှုံးထွက်တွေကို တက်ရောက်စေဖို့ အရေးပါစေခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လက်ရှိ အိမ်ကွင်းပုံစံကို ဆက်ထိန်းနိုင်မယ်ဆိုရင် ၁၉၃၈-၃၉ ဘောလုံးရာသီ ဝုဗ်အသင်း တင်ရှိခဲ့တဲ့ အနည်းဆုံး ၂ ဂိုးပြတ်ဖြင့် ပြိုင်ပွဲစုံ ၁၂ ပွဲဆက်တိုက် အနိုင်ရတဲ့ စံချိန်ကို လိုက်မှီတော့မှာပါ။

ဒီအပတ် ဖူလ်ဟမ်ကို အန်ဖီးမှာ ရင်ဆိုင်ရာမှာဖြစ်ပြီး နောက်ထပ် အိမ်ကွင်းပွဲကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဖြစ်ပါတယ်။ ဒီနှစ်ပွဲကို ဂိုးအသာဖြင့် အနိုင်ရခဲ့ရင် အင်္ဂလန်ဘောလုံးသမိုင်းရဲ့ အံ့မခန်း စံချိန်ထဲ လီဗာပူးလည်း ပါဝင်လာပါလိမ့်မယ်။

လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ခံစစ်ပိုင်း ပေးဂိုး ၁၁ ဂိုးပဲ ရှိထားတာဖြစ်ပြီး အာဆင်နယ် (၁၀ ဂိုး) နောက် ဒုတိယအကောင်းဆုံး ခံစစ်အသင်းဆိုတဲ့ မှတ်တမ်းကိုလည်း ရရှိထားတာ ဖြစ်ပါတယ်။