ဒါဝင်နဲ့ ဂက်ပို ဘယ်သူ့ကို နေရာပေးမလဲ ကိစ္စအတွက် နည်းပြကလော့ပ်ရဲ့ တုန့်ပြန် ဖြေရှင်းချက်

နည်းပြကလော့ပ်က လက်စ်နဲ့ပွဲမှာ ဂက်ပို ဂိုးတွေသွင်းနိုင်ခဲ့တာကြောင့် တိုက်စစ်မှာ ဒါဝင်ကို ကျော်ပြီး နေရာပေးမယ်ရယ်လို့ မဟုတ်ပါကြောင်း ထုတ်ပြောလာပါတယ်။

အထောင်တိုက်စစ်နေရာမှာ ဒါဝင်ကော ဂက်ပိုကိုပါ သုံးလို့ရနေတာဖြစ်ပြီး ဖူလ်ဟမ်ပွဲမှာ ဘယ်သူ့ကို ပွဲထုတ်မယ်ဆိုတာ မသိနိုင်သေးပါဘူး။ နည်းပြကလော့ပ်ကတော့ တစ်ဦးဦးကို ပိုပြီး ပစားပေးမယ့် သဘောထားမျိုး မရှိကြောင်း ဆိုလာခဲ့ပါတယ်။

ကလော့ပ်က “ ဒီကောင်လေးတွေ ပွဲထဲမှာ ဂိုးသွင်းမှ အခွင့်အရေး ပေးမယ် ဆိုတာမျိုး မဟုတ်ပါဘူး။ ဒါက ကျနော့်ရဲ့ လူစာရင်း၊ ကျနော့် အသင်းပါ၊ သူတို့ ကစားရပါမယ်။

အသင်းတိုင်းအတွက် ပြင်းထန်တဲ့ ဘောလုံးရာသီကာလ ရောက်လာတော့မှာမို့ သူတို့အားလုံး ကစားရပါမယ်။ ဂျိုတာ ဒဏ်ရာရသွားတာတင်ကို အကူအညီမဖြစ်ဘူး ဖြစ်နေတာပါ။ ဒီတော့ ပွဲကစားချိန်တွေကို မတူညီတဲ့ အသင်းသားတွေ မျှဝေပြီး တာဝန်ယူရပါမယ်။

သူတို့ စွမ်းဆောင်ပြရမှာပါ၊ မိနစ် ၉၀ အပြည့် မဟုတ်ဘဲ ၆၀-၇၀ မိနစ်တွေ ကစားခွင့်ရနေကြမှာ ဖြစ်ပါတယ်။ လက်စ်ပွဲမှာ ပွဲထွက်နေရာက ဒါဝင် မပါပေမယ့်လို့ ဘာမှ မထူးခြားသွားပါဘူး။

ကိုဒီ ၂ ဂိုး သွင်းတာကတော့ ကောင်းတာပေါ့။ အဲ့တာကြောင့်နဲ့တော့ နောက်ထပ် ၅ ပွဲဆက် သူ့ကို ထုတ်သုံးမယ် ဆိုတာမျိုး ဘယ်ဟုတ်မလဲ။ အခြားသူတွေလည်း ပွဲထွက်ခွင့် ရပါမယ်။

သူတို့ ဂိုးသွင်းဖို့ လိုပါတယ်။ အဲ့တာက သူတို့ အလုပ်ပါ။ သူတို့လည်း ဒါကိုပဲ လိုချင်တာပါ။ ဒါပေမယ့် ဘယ်ကစားသမားကို ပွဲထွက်ခွင့်ပေးရမလဲ ဆိုပြီး အိပ်ရေးပျက်ရလောက်အောင် စဉ်းစားနေရတာမျိုး မရှိပါဘူး။ ရွေးချယ်စရာ အဲ့လောက်ကြီး များနေတာလည်း မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဂက်ပိုဟာ ဒီရာသီမှာ ၆ ဂိုးသွင်း ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်ထားကာ ဒါဝင်ကတော့ ၇ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၆ ကြိမ် လုပ်ပေးထားတာ ဖြစ်ပါတယ်။