ထိခိုက်လာတဲ့ လူစာရင်း၊ မာကာ+ထရန့် တွဲလုံး တိုးတက်လာမှု၊ ချန်ပီယံခြေ မရှိပေမယ့် အဆိပ်ပြင်းခြင်းနဲ့ ဖူလ်ဟမ် နိုင်ပွဲမှ ပြောစရာများ

အားပျော့လာတဲ့ လူစာရင်း

လီဗာပူးအသင်းဟာ ဒီတလော ဒဏ်ရာပြဿနာတွေ ရင်ဆိုင်ရခြင်းနဲ့အတူ ကစားပွဲတွေမှာ အားပျော့လာနေပါတယ်။ အယ်လီဆန်ရဲ့ နေရာကို ကလယ်ဟာ အစားမထိုးနိုင်တာက သိသာတဲ့ အားနည်းချက် တစ်ခုပါ။ ဒါပေမယ့်လို့ ဆိုဘိုစလိုင်ရဲ့ ခြေစွမ်းပိုင်း ကျဆင်းလာမှုကလည်း သတိပြုစရာ ဖြစ်လာနေပါတယ်။

ဒီရာသီစက မက်ကယ်လစ္စတာထက် ဆိုဘိုရဲ့ ခြေစွမ်းဟာ ပိုပြီး ထင်ပေါ်ခဲ့ပေမယ့် လက်တလောမှာတော့ မာကာဟာ ထရန့်နဲ့ ပူးတွဲ တာဝန်ယူတဲ့ နံပါတ် ၆ နေရာကနေ အခြေခိုင်လာခဲ့ပါတယ်။ ဆိုဘိုကတော့ နိုင်ငံပွဲအပြီး ခြေကျလာနေကာ အနည်းငယ် အနားပေးဖို့ လိုအပ်နေပါတယ်။

ရော်ဘတ်ဆန်၊ ဂျိုတာတို့လို စီနီယာကြီးတွေ ဒဏ်ရာရနေခြင်းကလည်း လူစားလဲမှုတွေမှာ စကားပြောလာနေပြီး နည်းပြအဖွဲ့ဟာ အချို့ကစားသမားတွေကို လူစားလဲသင့်ပေမယ့် ပွဲတန်ပိုအရ ပွဲချိန် ပိုပေးနေရတာမျိုး မြင်လာရပါတယ်။

ထရန့် နေရာသစ်မှာ ပိုပြီး အသားကျလာခြင်း

ဒီတလောမှာ ထရန့်ဟာ ကွင်းလယ်နေရာ ဝင်ကစားပြီး တော်တော်လေး လုပ်ရည်ကိုင်ရည်ကောင်း ပြသလာပါတယ်။ ညာခြမ်း ဗဟိုခံစစ်မှူးနဲ့ အဝင်အထွက် နားလည်မှုပိုင်းမှာ လိုအပ်ချက် ရှိပေမယ့် ထရန့်ရဲ့ ဘောလုံးအမြင်နဲ့ ကွင်းလယ်ကနေ အသင်းကို မောင်းနှင်နိုင်စွမ်းက တော်တော်လေး အားရဖို့ ကောင်းနေပါတယ်။

ပြီးပြည့်စုံနေတဲ့ ကစားကွက်ဆိုတာမျိုး မမျှော်လင့်ပါဘူး။ ပရိသတ်တိုင်းက အသင်းကို ဟန်ချက်ညီစေပြီး ဖန်တီးမှုပိုင်း ကောင်းမွန်မယ်၊ ကာကွယ်မှုတွေ လုပ်ပေးနိုင်မယ် ဆိုတဲ့ ကွင်းလယ်မျိုးကိုတော့ မြင်ချင်ကြပါတယ်။

လီဗာပူးကွင်းလယ်က အဲ့လို အနေအထားမျိုး ရောက်ဖို့ ဝေးကွာနေသေးပေမယ့် ထရန့်နဲ့ မက်ကယ်လစ္စတာ တိုးတက်မှုဟာ သိသာထင်ရှားစွာ မြင်တွေ့နေရတဲ့ ကိစ္စဖြစ်လာနေပါပြီ။

အငြင်းပွားရတဲ့ ဒါဝင်

ဒါဝင် နူးညက်စ်ရဲ့ အပြောင်းအလဲ မြန်လွန်းတဲ့ ခြေစွမ်းဟာ စိတ်ပျက်ဖို့ကောင်းတယ်လို့ ဝန်ခံရပါမယ်။ ဒါပေမယ့် သူ့ရဲ့ ပေါက်ကွဲကစားမှုနဲ့ တိုက်စစ်မှူး နေရာက ဘောလုံးထိန်းပေးမှုတွေက ဖူလ်ဟမ်ပွဲမှာ ထည့်စဉ်းစားပေးရမယ့် ကိစ္စလည်း ဖြစ်နေပြန်ပါတယ်။

ပထမပိုင်းမှာ သူ့ထံက ဆက်တိုက် ပြေးလွှားမှုတွေ မြင်ခဲ့ရပြီး ခြေထောက်နဲ့ ဘောလုံးကို အကြိမ်များများစားစား ကစားခွင့်မရခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ အခွင့်အရေးကြီး ၂ ကြိမ်ကို ဖြုန်းတီးခဲ့ပါတယ်။ တစ်ကြိမ်က ကံဆိုးတဲ့ ဘားတန်းထိမှုဖြစ်ခဲ့ပြီး တစ်ကြိမ်ကတော့ ထိချက်မကောင်းခဲ့တာပါ။

သို့ပေမယ့် အန်ဒိုရဲ့ သွင်းဂိုး၊ ထရန့်ရဲ့ အနိုင်ဂိုးတွေမှာ သူကလည်း ကစားကွက်အတွင်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဒါဝင် ဖြုန်းသလို ဆာလာလည်း ဖြုန်းခဲ့ပေမယ့် နံပါတ် ၉ ကတော့ ကေအသစ်ပြောင်းချိန်မှာလည်း ဂိုးကံကို ခေလွန်းလှပါတယ်။

ချန်ပီယံခြေ မဟုတ်ပေမယ့် အဆိပ်တော့ပြင်းတယ်

ဒီရာသီ လီဗာပူးအသင်းရဲ့ ခြေစွမ်းဟာ ချန်ပီယံခြေစွမ်းလို့ မပြောနိုင်ပါဘူး။ ဒီခြေမျိုးနဲ့တော့ ထိပ်ဆုံး ၄ သင်းထဲ ဝင်တာလောက်ပဲ အမြင့်ဆုံး မှန်းနိုင်ပါမယ်။ ဒါပေမယ့် လီဗာပူးရဲ့ စိတ်ဓါတ်ပိုင်းနဲ့ ဖန်တီးနိုင်စွမ်းတွေကတော့ တော်တော်လေး ကောင်းပါတယ်။

ပြိုင်ဘက်ကို အကျောပေးပြီး နောက်က လိုက်ကစားနေရတဲ့ ပွဲတွေက မနည်းတော့ပါဘူး။ ဖူလ်ဟမ်ပွဲမှာဆိုရင် ၂-၃ ဖြစ်ပြီးတဲ့နောက် ခြေပဂိုး ပြန်ရလို့ သရေကျရင်ကိုပဲ တန်နေပါပြီလို့ တွေးစရာရှိပေမယ့် အနိုင်ရလဒ်ကို ရအောင် ယူပြသွားပါတယ်။

ဘောလုံးမှာ အရေးအကြီးဆုံးက နိုင်ပွဲဖြစ်ပါတယ်၊ ဘယ်လို ခြေစွမ်းဖြစ်နေပါစေ နိုင်ပွဲရနေသမျှ အမှားကို သင်ခန်းစာယူခွင့်ရှိပါတယ်။ ဖူလ်ဟမ်ပွဲမှာ အသင်းက အမှားများပေမယ့်လို့ ရသင့်တဲ့ ရမှတ် အပြည့်ကို ရယူပြခဲ့တာ ဖြစ်ပါတယ်။

အဓိကပြိုင်ဘက် ၂ သင်း

လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်လိုရင် အာဆင်နယ်နဲ့ မန်စီးတီးကို ယှဉ်နိုင်ရပါမယ်။ ဒီတလောတော့ မန်စီးတီးထက် အာဆင်နယ်က ခြေပိုကောင်းနေတာ သိသာပါတယ်။ လက်ရှိ အာဆင်နယ်ဟာ အရင်ရာသီတွေကလို နိုင်ပါတယ်ကွာလို့ ပြောနေရမယ့် အသင်းမျိုး မဟုတ်တော့ပါဘူး။

ဒီလထဲမှာ လီဗာပူးအသင်းဟာ အာဆင်နယ်ကို အန်ဖီးကွင်းအတွင်း ဧည့်ခံရမှာဖြစ်ပြီး ၆ မှတ်တန်ပွဲကို အသာရခဲ့မယ်ဆိုရင်တော့ ဆုဖလား ပြေးလမ်းထဲ ခိုင်ခိုင်မာမာ ဝင်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။