ပွဲသိမ်းဂိုးနဲ့ ပတ်သက်ပြီး ‘သူတို့က လီဗာပူးလေ’ လို့ ခံပြင်းနေတဲ့ ဖူလ်ဟမ်နည်းပြ မားကိုစ့်ဆေးဗား

ဖူလ်ဟမ်နည်းပြ မာကိုစ့် ဆေးဗားက သူတို့အသင်းဟာ အန်ဖီးကွင်းက သည်းထိတ်ရင်ဖို ပွဲစဉ်မှာ အရှုံးရလဒ်ကို ရင်ဝယ်ပိုက်ပြီး လန်ဒန်ကို ပြန်သွားရတဲ့ အသင်း မဖြစ်သင့်ဘူးလို့ ခံစားနေရပါတယ်။

ဝါတာရု အန်ဒို ဆယ်မပေးလိုက်တဲ့ ယုံကြည်မှုက တစ်ဆင့် မိနစ်ပိုင်းအကြာမှာပဲ ထရန့်ဟာ ဦးဆောင်ဂိုးကိုပါ ထပ်သွင်းပြီး ဖူလ်ဟမ်နည်းပြကို နာကျင်စေခဲ့တာပါ။ ပွဲချိန် ၈၀ အတွင်း ၂-၃ ဖြင့် ဦးဆောင်ခွင့်ရထားရာကနေ အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ရခြင်းကို မာကိုစ့် ဆေးဗားက စိတ်ပျက်နေပါတယ်။

ဆေးဗားက “ ကျနော်တို့ ရခဲ့တဲ့ ရလဒ်ထက် ပိုပြီးရဖို့ ထိုက်တန်ခဲ့တာပါ။ ကမ္ဘာ့အဆင့် ဖရီးကစ်ဂိုး၊ အဲ့နောက် ကောင်းလွန်းလှတဲ့ မက်ကယ်လစ္စတာရဲ့ ဂိုးတွေကို ခွင့်ပြုခဲ့ရပါတယ်။

ပထမပိုင်းမှာ လီဗာပူးက များများစားစား ဖန်တီးနိုင်တာမျိုး မရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာ သူတို့ ပိုထိန်းချုပ်လာနိုင်ပေမယ့် နေရာလွတ်တွေ သိပ်မပေးရအောင် ကျနော်တို့ စီမံနိုင်ခဲ့တယ်။ ဒါဝင်နူးညက်စ် ကောင်တာကနေ ဘားတန်း တစ်ကြိမ် ထိခဲ့တာကလွဲလို့ သူတို့ ဘာမှ လုပ်မရခဲ့ပါဘူး။

အပြောင်းအလဲတွေက တစ်ဆင့် တတိယဂိုး ယူဖို့ အခွင့်အရေး ရလာမယ်ဆိုတာ ကျနော်တို့ သိခဲ့သလို တကယ်လည်း ဦးဆောင်ဂိုး ယူနိုင်ခဲ့ပါတယ် ” လို့ ရှင်းပြပါတယ်။

အန်ဖီးရဲ့ ပေါက်ကွဲနိုင်စွမ်းကို သိတာကြောင့် ဝါတာရု ဂိုးသွင်းပြီးပြီးချင်း လူစားလဲနိုင်ဖို့ ကြိုးစားခဲ့ပါတယ်လို့ ဆေးဗားက ဝန်ခံပါတယ်။ လီဗာပူးအသင်းဘက်က အရမ်း ဆာလောင်နေတာကို တည်ငြိမ်သွားအောင် လူစားလဲမှုဖြင့် ရပ်တန့်လိုခဲ့ပေမယ့် လုပ်ခွင့် မသာခဲ့တာကို ဆေးဗားက ခံပြင်းနေပါတယ်။

“ သူတို့က လီဗာပူးလေ၊ သူတို့ သရေရလဒ်ယူသွားခဲ့ပြီး အဲ့တာက ကျနော်တို့အတွက် ထိုက်တန်တဲ့ ကိစ္စ မဟုတ်ဘူး။ လီဗာပူးဘက်က ပြင်းထန်တဲ့ တုန့်ပြန်မှု လာတော့မှာကို (ဝါတာရု သွင်းဂိုးအပြီး) ကျနော် သိပါတယ်။

အခြေအနေ တည်ငြိမ်သွားအောင် လူစားလဲမှု ချက်ခြင်းလုပ်ချင်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း အရမ်းကို ဆူပူနေကြတယ်။ ဒါပေမယ့် ပွဲက မရပ်သေးတော့ လူစားလဲမှု လုပ်မရခဲ့ဘဲ ၁ မိနစ်ခွဲအတွင်း သူတို့ ဂိုးထပ်သွင်းသွားတော့တာပါပဲ။

ဒီလိုပွဲက လုံးဝ ထိန်းချုပ်မရတာ ကျနော်တို့ သိပါတယ်။ လီဗာပူးအသင်း၊ သူတို့ပရိသတ်တွေက ထိန်းချုပ်လို့ရတဲ့ထဲ မပါပါဘူး။ သူတို့က တစ်ခုခုကို ပြောင်းလဲသွားအောင် အမြဲလုပ်နိုင်သူတွေပါ။ ကျနော်ကတော့ ကောင်လေးတွေ ကစားခဲ့တာကို ဂုဏ်ယူပါတယ် ” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။