

လီဗာပူးအသင်းဟာ စနစ်သစ်ကို ပြောင်းလဲကစားလာတဲ့ နောက်ဆုံး ၅ ပွဲလုံးမှာ ရှုံးပွဲမရှိသေးဘဲ ၄ ပွဲနိုင် ၁ ပွဲ သရေကျထားပြီး တိုက်စစ်က သွင်းဂိုး ၁၇ ဂိုးထိ သွင်းယူထားပါတယ်။ ဒါပေမယ့်လို့ ၅ ပွဲလုံး ခံစစ်က ဂိုးပေးထားပြီး ပေးဂိုး ၉ ဂိုးထိ ရှိထားတာပါ။
ထရန့်ကို ညာအစွန်နဲ့ ကွင်းလယ်အတွင်းလူနေရာ တွဲကစားစေတဲ့ စနစ်ဟာ အခွင့်အရေး ဖန်တီးမှုပိုင်း တိုးတက်လာစေပေမယ့်လို့ ခံစစ်ပိုင်း ဟန်ချက်ညီမှုကို ထိခိုက်လာစေတာက သေချာသလောက် ရှိနေပါပြီ။
လက်တလော လီဗာပူးအသင်း ရင်ဆိုင်ကစားခဲ့တဲ့ အသင်းတွေထဲမှာ စပါးအသင်းဟာ ထရန့် အတွင်းဝင်သွားတဲ့နောက် ဟာကွက်ရှိလာတဲ့ အစွန်နေရာကို အသုံးပြုပြီး ထိုးဖောက်ရာမှာ အလုပ်ဖြစ်ခဲ့ပါတယ်။
လာမယ့်ရာသီမှာ နည်းပြကလော့ပ် အနေနဲ့ စာရွက်ပေါ်မှာ ၄-၃-၃ ကစားကွက်ကို ခင်းပြီး ထရန့်ကို အတွင်းဝင်စေတဲ့ ၃-၂-၂-၃ ပုံစံကို ဆက်သုံးမလား? ဗဟိုခံစစ်မှူး ၃ ယောက်တန်းကို ထုတ်သွားမလား? ဆိုတာက မေးခွန်းအဖြစ် ဆွေးနွေးမှုတွေ ကျယ်ပြန့်လာနေပါတယ်။
လီဗာပူးခံစစ်ကြောင်းဟာ ထရန့် ကွင်းလယ်ဝင်သွားခဲ့ရင် ညာခြမ်း ဗဟိုခံစစ်မှူးနေရာ ပွဲထွက်တဲ့ ကိုနတေး ဒါမှမဟုတ် မာတစ်က ညာအစွန် ဧရိယာတွေကိုပါ ဝင်ရောက် တာဝန်ယူရပါတယ်။ ဘယ်အစွန်လူဖြစ်တဲ့ ရိုဘိုကတော့ တိုက်စစ်လိုက်ပါခွင့် ကန့်သတ်ခံရပြီး ဘယ်ခြမ်း ဗဟိုခံစစ်မှူးနေရာ ကစားနေတာ ဖြစ်ပါတယ်။
တောင်ပံနေရာကတစ်ဆင့် လီဗာပူးရဲ့ ဂိုးဧရိယာထဲကို ဖြတ်တင်ဘောတွေ မရောက်ရေး ဒါမှမဟုတ် တောင်ပံတောက်လျှောက် ထိုးဖောက်မှုကနေ တိုက်စစ်ဆင်ခြင်း မခံရရေးအတွက် ကိုနတေးနဲ့ ရိုဘိုတို့ဟာ အစွန်ဘက်ကို ဖြန့်ကစားချိန် ဖာဘင်ညိုနဲ့ ထရန့်တို့ အလယ်ကြောကနေ ခံစစ်ကို ဆင်းကူဖို့က အရေးပါလာနေတယ်။
ရိုဘိုဟာ ဗဟိုခံစစ်သမား စစ်စစ် မဟုတ်တာကြောင့် ဗန်ဒိုက်၊ ကိုနတေးတို့နဲ့အတူ ခံစစ်ကြောင်းကို တာဝန်ယူရာမှာ ဟာကွက်တွေ များပြားနေပါတယ်။ စပါးပွဲမှာဆိုရင် သူက အတွင်းပိုင်းမှာ ဘောလုံးကိုင်ထားချိန် ပေါ့ဆခဲ့ပြီး စပါးဘက်က အခွင့်အရေး ရခဲ့ပေမယ့် အယ်လီဆန် ကာကွယ်နိုင်လို့ သက်သာခဲ့တယ်၊ ဆွန်ရဲ့ ဒုတိယဂိုးမှာတော့ နောက်ချန်နေခဲ့တာကြောင့် လူကျွံဖမ်းဖို့ မအောင်မြင်ခဲ့ပါဘူး။
ဒီနောက်ပိုင်းပွဲတွေမှာ ဖာဘင်ညို ခြေစွမ်း တိုးတက်လာခြင်း၊ ကွင်းလယ်ထိပ်နားကနေ ဂျုံးနဲ့ ဂက်ပိုတို့ရဲ့ ဖိအားပေးနှုန်း မြင့်မားခြင်းတွေကြောင့် လီဗာပူးခံစစ်ကြောင်းက သက်သာနေပေမယ့် အခွင့်အရေးကြီးတွေ ဆက်တိုက် ပေးနေရတာဟာ ပွဲစဉ်အလိုက် သိသာလာခဲ့ပါတယ်။
ကလော့ပ်ကတော့ ဒီရာသီ လက်ကျန်ပွဲတွေဟာ လာမယ့်ရာသီအတွက် အကျိုးအမြတ်ရစေဖို့ ရည်ရွယ်တယ်လို့ ဆိုထားခဲ့ပြီး သူ့ရဲ့ စနစ်သစ်ကို ဆက်လက် အသုံးပြုမှာဖြစ်ကာ ခံစစ်ပိုင်း ကျစ်လစ်အောင် ဘယ်လို လုပ်မလဲဆိုတာအတွက် အဖြေရှာဖွယ် ရှိနေတာ ဖြစ်ပါတယ်။