

လီဗာပူးအသင်းဟာ ကလပ်ရဲ့ သမိုင်းဝင် နေ့တစ်နေ့အဖြစ် အန်ဖီးကွင်း ကွင်းပြည့် နီးပါး ဧည့်ခံမှုကို မန်ယူနိုက်တက်အား ရင်ဆိုင်ရမယ့် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ကလပ်တာဝန်ရှိသူတွေဟာ အန်ဖီးကွင်းအတွင်းက Anfield Road ပွဲကြည့်စင် အပေါ်ဘက်ခြမ်းကို ကွင်းစမ်းဖွင့်ဖို့ မြို့ကောင်စီထံ ခွင့်ပြုချက်လည်း ရယူထားပြီ ဖြစ်ပါတယ်။
အဆိုပါ အပေါ်ခြမ်း တစ်ခုလုံးကို အိမ်ကွင်းပရိသတ်တွေအတွက်ပဲ ရည်ရွယ်ထားကာ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာတော့ ပရိသတ် ၃၀၀၀ က အစမ်းသဘောအဖြစ် ၂ နာရီကြာ ဝင်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
အစမ်းဖွင့်မှု အဆင်ပြေခဲ့လို့ မြို့ကောင်စီထံက ခွင့်ပြုမိန့်ကျရင် မန်ယူနိုက်တက်ပွဲမှာ ပိုများတဲ့ ပရိသတ်တွေ ဝင်ခွင့်ရမှာပါ။ အင်္ဂလန်ဒါဘီပွဲဟာ လီဗာပူးအသင်းရဲ့ Anfield Road ပွဲကြည့်စင်သစ် ပထမဆုံးအကြိမ် ဖွင့်လှစ်မှု ဖြစ်လာဖို့က သေချာသလောက် ရှိနေပါတယ်။
ဒီရာသီ လီဗာပူးအသင်းရဲ့ ပျှမ်းမျှ ပရိသတ် ဧည့်ခံနိုင်စွမ်းဟာ ၄၉၀၀၀ ဝန်းကျင်ပဲ ရှိထားတာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ ပွဲမှာတော့ ပရိသတ် ၅၅၅၀၀ ဝန်းကျင် ဝင်ဆံ့မယ်လို့ သိရတယ်။ ဒါဟာ ပရီးမီးယားလိဂ်ခေတ်မှာ အန်ဖီးကွင်းအတွင်း ပရိသတ် အများဆုံး တက်ရောက်မှု ဖြစ်လာပါလိမ့်မယ်။
အန်ဖီးကွင်းရဲ့ ပရိသတ် ဝင်ဆံ့မှု အစစ်အမှန်ကတော့ ပရိသတ် ၆၁၀၀၀ ဖြစ်ပြီး ဒါကိုတော့ ၂၀၂၄ ခုနှစ် ပထမလ ဒါမှမဟုတ် ဒုတိယလမှ ဝင်ခွင့်ပေးနိုင်ပါလိမ့်မယ်။