ရာသီကုန်ရင် ပျော်ရွှင်ရမှာ သူတို့ဖြစ်ကြောင်း လီဗာပူးပွဲနဲ့ ဥပမာပေးပြီး ဂွာဒီယိုလာ ဖြေဆို

မန်စီးတီးအသင်း ရလဒ်တွေ မကောင်းဖြစ်နေပြီး အမှတ်ပေးဇယား တတိယ နေရာမှာ ရှိနေပေမယ့် လီဗာပူးနဲ့ အာဆင်နယ်ကို ကျော်ကာ ရာသီကုန်မှာ ချန်ပီယံ ဖြစ်နိုင်နေဆဲလို့ ဂွာဒီယိုလာက ပြောဆိုလာပါတယ်။

လီဗာပူးအသင်း ပြန်လည် တောက်ပလာခြင်းနဲ့အတူ ကလော့ပ်ရဲ့ အသင်းဟာ အာဆင်နယ်၊ မန်စီးတီးတို့နဲ့ ချန်ပီယံနေရာ အပြိုင်လုရဖို့ ရှိနေပါတယ်။ ဒါပေမယ့် အီတီဟက်မှာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲအတွင်း ခြေစွမ်းအရ ရာသီကုန်ရင် ဇာတ်လိုက်က မန်စီးတီးပဲ ဖြစ်မယ်လို့ ဂွာဒီယိုလာက အခုလို ပြောဆိုခဲ့ပါတယ်။

“ ကျနော်တို့ အသင်းမှာ ရှိနေတဲ့ လုံ့ဆော်မှုကတော့ ပိုကောင်းအောင် လုပ်နိုင်ဖို့ပါ။ ကျနော် လာခဲ့တဲ့ နေရာကနေ သင်ယူခဲ့တာကတော့ အနိုင်ရချင်တယ်ဆိုရင် ပြိုင်ဘက်ထက် ပိုကောင်းနေရမှာ ဖြစ်ပါတယ်။

ပိုကောင်းကောင်း လုပ်နိုင်ရပါမယ်။ ကိုယ်က ကြိုးစားဖို့လိုပြီး အခွင့်အရေးနဲ့ ဂိုးတွေကိုလည်း ခွင့်မပြုရအောင် အားထုတ်နိုင်ရပါမယ်။ လက်တလော ကျနော်ရဲ့ ခံစားချက်ကတော့ ကျနော်တို့အသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်ပါတယ်။

မန်စီးတီး ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်လားလို့ ဒီကနေ့ လာမေးကြမယ်ဆိုရင် လီဗာပူးနဲ့ စပါးတို့ကို ရင်ဆိုင်ချိန်မှာ ကျနော်တို့ ပြသထားခဲ့တဲ့ ခြေစွမ်းတွေအရဆိုရင် ထပ်ပြီး အောင်မြင်နိုင်ပါတယ်။ အဲ့တာက မလွယ်ဘူးဆိုတာကို သိထားပါတယ်။

ပရီးမီးယားလိဂ်ဖလား ၄ ရာသီဆက် အောင်မြင်တာမျိုး ဘယ်အသင်းမှ မလုပ်နိုင်ခဲ့ပါဘူး။ အဲ့လို လုပ်နိုင်ဖို့က ခက်ခဲပါတယ်။ ဒါပေမယ့် ရာသီကုန်ရင် ချန်ပီယံဖြစ်နိုင်မလား ဒီကနေ့မှာ လာမေးကြရင် ကျနော်တို့ ပရီးမီးယားလိဂ် ထပ်ပြီး ရနိုင်ပါတယ် ” လို့ ဂွာဒီယိုလာက ဖြေဆိုသွားတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီကနေ့ည ရှက်ဖီးယူနိုက်တက်နဲ့ ပွဲစဉ်ကို အနိုင်ရမယ်ဆိုရင် ဇယားထိပ်က အာဆင်နယ်နောက် ၂ မှတ်အကွာကို ပြန်ရောက်မှာဖြစ်သလို မန်စီးတီးရဲ့ အထက်မှာ ဆက်လက် ရပ်တည်နိုင်မှာပဲ ဖြစ်ပါတယ်။