ရှက်ဖီးပွဲမှာ ဒဏ်ရာကြောင့် လူစားလဲခံရတဲ့ မက်ကယ်လစ္စတာရဲ့ အခြေအနေကို ကလော့ပ် ပြောပြလာ

လီဗာပူးက အဝေးကွင်းမှာ ရှက်ဖီးယူနိုက်တက်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲအတွင်း ဒုတိယပိုင်း မိနစ်အစောမှာတင် မက်ကယ်လစ္စတာဟာ လူစားလဲခံခဲ့ရပါတယ်။

အာဂျင်တီးနား ကွင်းလယ်လူဟာ နံပါတ် ၈ နေရာမှာ ပွဲထွက်လာပေမယ့် ပထမပိုင်းမှာတည်းက ရုန်းကန်နေခဲ့ရတာပါ။ သူဟာ ကွင်းလယ် ၃ ယောက်ထဲမှာ ဘောလုံးထိချက် အနည်းဆုံးလည်း ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၅၉ မှာတော့ ဒူးဒဏ်ရာနဲ့အတူ ကွင်းထဲက ထွက်ခွာခဲ့ရတယ်။

ကလော့ပ်ကတော့ “ မာကာကိစ္စက စိတ်ပျက်စရာပါပဲ။ အစောမှာတည်းက သူ့ဒူးက ထိခိုက်မှု ဖြစ်ခဲ့ပါတယ်။ ပွန်းပဲ့မှုဖြစ်ခဲ့လို့ ကျနော်တို့ ဒဏ်ရာကို သေချာ တုပ်နှောင်ပြီး ကစားခဲ့ပေမယ့် ကစားတိုင်းမှာ သူက အတော်လေးကို နာနေပါတယ်။

အဲ့တော့ ဒဏ်ရာကို ချုပ်လိုက်တယ်။ အဲ့မှာ အရမ်းကြပ်သွားပြီး သူ့ခြေထောက်က လုပ်လို့ မရတော့ဘူး။ အခုတော့ အခြေအနေက ဘယ်လောက်ကြာမယ်ဆိုတာ ကျနော်တို့ စောင့်ကြည့်ရပါမယ်။ ကျနော်ကတော့ သိပ်မကြာဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ မကြာသေးခင်ကပဲ အယ်လီဆန်၊ ဂျိုတာ၊ မာတစ်တို့ ဆက်တိုက် ဒဏ်ရာရထားတာပါ။ ဒီဇင်ဘာ ပွဲကြပ်ကာလကို ရောက်နေတာမို့ မက်ကယ်လစ္စတာရဲ့ အခြေအနေ မဆိုးဖို့ မျှော်လင့်ရသလို ဒဏ်ရာရ ကစားသမားတွေ ပြန်သက်သာလာဖို့ ဆုတောင်းရတာဖြစ်ပါတယ်။

မာကာ ကိုယ်တိုင်ကတော့ လူမှုကွန်ယက်ကနေ “ အားလုံး အဆင်ပြေပါတယ်။ ဒဏ်ရာ ချုပ်ရာ အနည်းငယ် ရှိခဲ့ပေမယ့် ကျနော် မကြာခင် ပြန်လာနိုင်မှာပါ ” လို့ ရေးသား အသိပေးသွားတာ ဖြစ်ပါတယ်။