ဇန်နဝါရီမှာ မမိုက်မဲဖို့ တိုက်တွန်းခြင်း၊ ဝုဒ်ဘတ်ခံစစ်မှူး၊ အယ်လီဆန် ပြန်လာခြင်းလားနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အပြီး လီဗာပူးအသင်းဟာ ဇယားထိပ်က အာဆင်နယ်နဲ့ ၂ မှတ်အကွာ ဒုတိယနေရာမှာ ရှိနေပါတယ်။ အသင်းဟာ အဆင့် ၄ နေရာက မန်စီးတီးကိုလည်း ၄ မှတ် ဖြတ်ထားနိုင်နေပြီ ဖြစ်ပါတယ်။

ဇန်နဝါရီစျေးကွက်မှာ ဒဏ်ရာရသွားတဲ့ မာတစ်နေရာကို မျက်ကွယ် မပြုဘဲ ခံစစ်ပိုင်း အင်အားဖြည့်ဖို့ လီဗာပူးအသင်းအား တိုက်တွန်းမှုတွေ စတင် ပေါ်ထွက်လာနေပါပြီ။

အက်စတွန်ဗီလာ ကွင်းလယ်လူ ဒေါက်ကလပ်ကတော့ လီဗာပူး၊ အာဆင်နယ်တို့နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေခြင်းကို ဂုဏ်ယူနေပါတယ်။

ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်စွမ်းမှာ မန်ယူနိုက်တက်ကိုလည်း ထည့်တွက်ရမှာဖြစ်ပြီး ကလပ် ၇ သင်းလောက်က ချန်ပီယံဖြစ်နိုင်နေဆဲလို့ နည်းပြကလော့ပ်က ဆိုပါတယ်။

ဝုဒ်ဘတ်အသင်းမှ ၂၃ နှစ်အရွယ် ပြင်သစ်သား ခံစစ်မှူး Maxence Lacroix ကို မာတစ်နေရာ အစားထိုးရေး လီဗာပူးအသင်း ချိန်ရွယ်နေတယ်လို့ အသံထွက်လာပါတယ်။

အယ်လီဆန်ဟာ အသင်းရဲ့ လေ့ကျင့်ရေးထဲ ပြန်ဝင်နေပြီဖြစ်ကြောင်း အင်စတာဂရမ်ကနေ အချက်ပြသွားပါတယ်။ ဒီတနင်္ဂနွေနေ့ပွဲမှာ သူပါနိုင်မလား စောင့်ကြည့်ရပါဦးမယ်။

လီဗာပူးအသင်းဟာ ကလပ်ရဲ့ ကာလရှည် ပါတနာဖြစ်တဲ့ Carlsberg နဲ့ နောက်ထပ် ၁၀ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

ဒီအပတ် ပြိုင်ဘက် ပဲလေစ့်အသင်းဟာ ဖိအားတွေ အများကြီး ရင်ဆိုင်နေရတဲ့ အသင်းဖြစ်တာကြောင့် လီဗာပူးကို ရင်ဆိုင်ရချိန်မှာ ခံစစ်ပိတ်ကစားနိုင်ကြောင်း ခန့်မှန်းခံနေရပါတယ်။

အန်ဖီးကွင်းရဲ့ Anfield Road Stand မှာတော့ လီဗာပူးလိုဂို အသစ် တပ်ဆင်မှု ပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်။

အိမ်ကွင်းမှာ လီဗာပူးကို အနိုင်ယူပြီးတဲ့နောက် ဖလားအိပ်မက်တွေ ပြင်းထန်ခဲ့တဲ့ စပါးအသင်းဟာ အဆိုပါပွဲပြီးတည်းက အိမ်ကွင်း နိုင်ပွဲပျောက်နေတာ ၃ ပွဲ ရှိနေပါပြီ။ ဖလားဖိအားကို စပါးအသင်းသားတွေ မကိုင်တွယ်နိုင်ဘူးလို့ မှတ်ချက်တွေရနေပါတယ်။