ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ လီဗာပူး ရလဒ်ကောင်းဖို့ အဓိက ကျလာမယ့် ကစားသမား

ဒီလတွေအတွင်း ပွဲကြီးပွဲကောင်းတွေ ရင်ဆိုင်ကစားရမယ့် လီဗာပူးအတွက် အဓိကကျလာမယ့် ကစားသမား တစ်ဦးကတော့ ကိုနတေးပဲ ဖြစ်ပါတယ်။

ဒူးဒဏ်ရာကြောင့် မာတစ် ရာသီကုန်ထိ နားရတော့မယ့် အခြေအနေကြောင့်ပဲ ဖိအားတွေဟာ ကိုနတေးရဲ့ ပုခုံးပေါ်ကို ပုံကျလာနေပြီ ဖြစ်ပါတယ်။ လက်ရှိ ပုံစံကောင်းတွေကို ဆက်ထိန်းနိုင်မယ်ဆိုရင် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်မှာ ဖြစ်ပေမယ့် ဗန်ဒိုက်နဲ့ တွဲပေးမယ့် ခံစစ်မှူး လိုအပ်ချက် ရှိနေပါပြီ။

နည်းပြကလော့ပ်မှာ ကိုနတေးအပြင် ဂိုးမက်စ်၊ ကွမ်းဆက်တို့လည်း ရှိပေမယ့်လို့ အမြင့်ဆုံး အဆင့်မှာ ဗန်ဒိုက်ရဲ့ ပါတနာအဖြစ် လီဗာပူးခံစစ်ကို တာဝန်ယူပေးဖို့ရာ ပြင်သစ်သား ခံစစ်မှူးကပဲ အကောင်းဆုံး ရွေးချယ်မှုဖြစ်နေတာပါ။

မြန်နှုန်း၊ ပါဝါနဲ့ အမြင့်ဘော အောင်မြင်နိုင်စွမ်းတွေ မြင့်မားပေမယ့် ကိုနတေးဟာ ဒီရာသီ လီဗာပူးအတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲမှာပဲ ပွဲထွက်လူစာရင်းက ပါဝင်ပေးထားနိုင်ပါတယ်။

မန်ယူနိုက်တက်၊ အာဆင်နယ်တို့လို အသင်းတွေကို ရင်ဆိုင်ရမယ့် ပွဲစဉ်တွေမှာ ဗန်ဒိုက်နဲ့ တွဲဘက်ပေးဖို့ ကိုနတေးကို လိုအပ်ပါတယ်။ ၂၀၂၁ မှာ လီဗာပူးကို ပေါင် ၃၆ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ကိုနတေးဟာ အဆိုပါ ဘောလုံးရာသီ ချန်ပီယံလိဂ် ဖိုင်နယ်မှာ မာတစ်ကို ကျော်ပြီး ပွဲထွက်ခွင့်ရခဲ့သူပါ။

သို့ပေမယ့်လို့ ဒူးဒဏ်ရာ၊ တံကောက်ကြော ဒဏ်ရာတွေကြောင့် မနှစ်ကရာသီ ပရီးမီးယားလိဂ်ပွဲ ၁၇ ပွဲမှာပဲ ပွဲထွက်လူစာရင်းက ပါဝင်နိုင်ခဲ့ပါတယ်။

လီဗာပူးမှာ ဘာ့ဆီတစ်၊ သီယေဂို၊ ရော်ဘတ်ဆန်၊ အယ်လီဆန်၊ ဂျိုတာ၊ မာတစ်နဲ့ အခုနောက်ဆုံး မယ်ကယ်လစ္စတာတို့ ဒဏ်ရာရခဲ့ကြပေမယ့် အစားထိုးစရာ ရှာဖွေနိုင်နေဆဲပါ။ ကိုနတေးပါ ဒဏ်ရာရခဲ့မယ်ဆိုရင် ကလပ်ရဲ့ အနေအထားဟာ အတော်လေး ယိမ်းယိုင်သွားနိုင်ပါတယ်။

ဂိုးမက်စ်ဟာလည်း ဒီရာသီမှာ အခွင့်အရေးတွေ ရနေပြီး ပွဲစဉ်တိုင်းမှာ ယုံကြည်လို့ မရတဲ့ အမှားတွေ မကြာခဏ လုပ်မိလေ့ရှိသူဖြစ်ပါတယ်။ ကွမ်းဆက်ကိုတော့ အများကြီး မျှော်လင့်ထားသလို ဖလားပွဲတွေမှာ သူ ပါဝင်ကစားပေးခြင်းက ဗန်ဒိုက်ကို အနားရမှု ဖြစ်နေစေတာပါ။

ဗန်ဒိုက်-ကိုနတေး အတွဲဟာ အသင်းရဲ့ ပွဲကြပ်ကာလကို ကျော်ဖြတ်ဖို့ရာ အကောင်းဆုံး ခံစစ်အတွဲ ဖြစ်နေတာနဲ့အညီ အီဘူးကို ပွဲအတော်များများမှာ သုံးနိုင်ရေး သူ့ရဲ့ ကြံ့ခိုင်မှုကို ကလပ်ဘက်က အကောင်းဆုံး ကာကွယ်ပေးနိုင်ဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။