ခံစစ်မှူး မာတစ် ကို ACL ဒဏ်ရာကြောင့် ကာလရှည် လက်လွတ်ရမှာဖြစ်လို့ လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးသစ် ရှာဖွေနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကလပ်ရဲ့ သက်တော်ရှည် အမှုထမ်းဖြစ်တဲ့ မာတစ်ဟာ ဒီနွေမှာ စာချုပ်ကုန်မှာဖြစ်ကာ ကလပ်အတွက် နောက်ဆုံးပွဲကို ကစားခဲ့ပြီလို့ ယူဆရတယ်။ သူ့ရဲ့ ဒဏ်ရာဟာ ခွဲစိတ်မှု ခံယူရမှာမို့ ပြန်သက်သာလာချိန်မှာ အသင်းနဲ့ စာချုပ်ကုန်ပြီး ဖြစ်နေပါလိမ့်မယ်။
အသင်းမှာ ဗန်ဒိုက်၊ ကိုနတေး၊ ဂိုးမက်စ်၊ ကွမ်းဆက်တို့ပဲ ကျန်ရှိတာကြောင့် ခံစစ်မှူးနေရာကို လီဗာပူးတာဝန်ရှိသူတွေ အာရုံစိုက်လာနေပါပြီ။
နွေစျေးကွက်မှ အားဖြည့်တာထက် ဇန်နဝါရီမှာတင် စောစော ခေါ်ယူတာမျိုးကို ကလပ်ဘက်က ပိုလုပ်ချင်နေတာနဲ့အညီ ၂၀၂၀ မှာ ဝုဒ်ဘတ်ထံ ရောက်ရှိပြီးတည်းက ပွဲပေါင်း ၁၁၃ ပွဲ ကစားထားတဲ့ ၂၃ နှစ်အရွယ် ခံစစ်မှူး လက်ခွာကို သဘောကျရိပ် ပြသလာပါတယ်။
ဝုဒ်ဘတ်နဲ့ ၁ နှစ်ခွဲပဲ စာချုပ်ရှိတော့တဲ့ ကစားသမားကို ပေါင် ၂၅ သန်းနဲ့ ထပ်တိုးကြေး အနည်းငယ် ပေးရမယ်လို့ ခန့်မှန်းသတင်းတွေလည်း ထွက်ပေါ်နေတယ်။ ညာခြမ်း ခံစစ်သမားအကြောင်းကို အားကစာဒါရိုက်တာ ရှမတ်ကီက ကောင်းကောင်းသိတယ်လို့လည်း နားလည်ထားရပါတယ်။
လီဗာပူးရဲ့ ပစ်မှတ်ကတော့ ပြင်သစ်သား ခံစစ်မှူး လက်ခွာတစ်ဦးတည်း မဟုတ်ဘဲ ပဲလေစ့်မှ ဂူဟီလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ပဲလေစ့် ခံစစ်မှူးဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပုံမှန် ရွေးချယ်ခံနေရသူဖြစ်ပြီး ညာခြေအားသန် ဘယ်ခြမ်း ခံစစ်မှူး ဖြစ်ပါတယ်။
ပဲလေစ့်ကတော့ ဇန်နဝါရီမှာ ဂူဟီကို မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေးမျိုးကြောင့် မဟုတ်ရင် လက်လွတ်ခံသွားမှာ မဟုတ်ပါဘူး။
လီဗာပူးအသင်းဟာ နွေတုန်းက ဘယ်ခြမ်း ခံစစ်မှူးတစ်ဦး ခေါ်ယူဖို့ ကြိုးစားသေးပေမယ့် လက်တလောမှာတော့ ညာခြမ်း ခံစစ်မှူးနေရာ ပိုဦးစားပေးဖွယ် ရှိပါတယ်။ လာမယ့် ရက်တွေမှာတော့ ခံစစ်မှူး အချို့နဲ့ သတင်းထူးတွေ ထပ်မံ ထွက်လာနိုင်နေဆဲပဲ ဖြစ်ပါတယ်။