ဘရန့်ဖိုဒ့်ပွဲမှာ ကလော့ပ် ပြုလုပ်ဖွယ်ရှိတဲ့ အပြောင်းအလဲတွေ အကြောင်း ဖော်ပြမှု ထွက်ပေါ်လာ

လီဗာပူးဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ၅ ပွဲဆက် အနိုင်ရလဒ်နဲ့အတူ အသေးစား ပြန်လည် ရှင်သန်လာခြင်းကို ဆက်လက် ကိုင်စွဲထားနိုင်ခဲ့ပါတယ်။ နောက်လာမယ့်ပွဲဟာ ဘရန့်ဖိုဒ့်ကို အိမ်ကွင်းမှာ ကစားရမှာပါ။

မာဆေးဆိုဒ် သတင်းဌာန Echo က ဒီပွဲအတွက် ကလော့ပ် လုပ်နိုင်တဲ့ အပြောင်းအလဲတွေက ဘာတွေဖြစ်မလဲ? အခုလို ဖော်ပြပါတယ်။

ကလော့ပ်ဟာ အနည်းဆုံး ယူရိုပါလိဂ် ဝင်ခွင့်ပြိုင်ဆိုင်မှုထဲ ပြန်လည်ပါဝင်လာစေခဲ့တဲ့ လတ်တလော ရလဒ်ကောင်းတွေကြောင့် အသင်းပုံစံကို သိပ်ပြီး အပြောင်းအလဲ မလုပ်ချင်နေပါဘူး။ ဒါပေမယ့် စပါး၊ ဖူလ်ဟမ်ပွဲနဲ့ စနေနေ့ ဘရန့်ဖိုဒ့်ပွဲကြားမှာ ရက်အနည်းငယ်သာ ကွာတာကြောင့် အလှည့်ကျ လူထုတ်နိုင်ဖွယ်ရှိပါတယ်။

နောက်တန်းမှာဆိုရင် ကြားရက်က ဆီမီးကက်စ်ကို အခွင့်အရေး ပေးထားပေမယ့် ဖူလ်ဟမ်ပွဲ မတိုင်ခင် ပရီးမီးယားလိဂ် ၉ ပွဲဆက် ပွဲထွက်ခဲ့သူ အန်ဒီ ရော်ဘတ်ဆန်ကို နေရာပြန်ပေးဖွယ် ရှိပါတယ်။ ခံစစ်ကြောင်းက အခြားသော နေရာတွေကို အရမ်း ပြောင်းလဲမှာ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ ၂လလုံးမှာ ကလော့ပ်ဟာ သူ့ရဲ့ ကွင်းလယ် လူဟောင်းတွေကို ဘယ်လောက်တောင် အားကိုးခဲ့လဲဆိုတာ အံ့ဩစရာကောင်းပါတယ်။ ဒါပေမယ့် ဒဏ်ရာကိစ္စ စကန်ဖတ်ရမှာမို့ ဘရန့်ဖိုဒ့်ပွဲ ပွဲထွက်လူစာရင်းကနေ ဂျော်ဒန်ဟန်ဒါဆန် ချန်ထားခံရရင် နားလည်ပေးလို့ရပါတယ်။

ဖာဘင်ညိုက ပြိုင်ပွဲစုံ နောက်ဆုံး ၁၄ ပွဲလုံး ပွဲထွက်ခဲ့ရတာပါ။ ဒီကနေ့ညမှာ သူ့နေရာကို ဆက်ထိန်းနိုင်လောက်ပြီး ဂျုံးနဲ့ ဟာဗေးကိုလည်း ဆက်ပြီး ပွဲထုတ်မှာပါ။

လီဗာပူးပရိသတ်တွေကြား ဘယ်လို အမြင်ကွဲလဲမှုတွေပဲ ရှိနေပါစေ စီနီယာတွေ ကြံ့ခိုင်မှု မပြည့်ဖြစ်နေတာမို့ လာမယ့်ရာသီအတွက် ရည်ရွယ်ပြီး ဂျုံးနဲ့ ဟာဗေးတို့ နေရာရမှာပါ။ တကယ်တမ်း ပြောရရင် ဒီကွင်းလယ် ၃ ယောက်တန်းကို မကြိုက်ခဲ့ရင် လဲစရာဆိုလို့ မီလ်နာ တစ်ဦးပဲ ရှိပါတယ်။ ဟန်ဒါဆန် အရံခုံမှာ ပါလာရင်ကိုပဲ သတင်းကောင်းပါ။

တိုက်စစ်မှာတော့ ကြွက်သားဒဏ်ရာနဲ့ ဖာမင်နိုက ထပ်မံ လွဲချော်ဦးမှာပါ။ ဆာလာက ညာတောင်ပံမှာ ပုံမှန်အတိုင်း ထပ်မံပွဲထွက်ရမှာပါ။ စပါးနဲ့ပွဲက အနိုင်ဂိုး အပါအဝင် သူ့ရဲ့ နောက်ဆုံး ၅ ပွဲမှာ ၅ ဂိုးသွင်းယူခဲ့တဲ့ ဂျိုတာကတော့ ကြံ့ခိုင်မှုကြောင့် အရံခုံ ထိုင်ရမှာပါလိမ့်မယ်။

ဗဟိုတိုက်စစ်မှာ ကိုဒီဂက်ပိုက ခြေစွမ်းကောင်း ပြသနေခဲ့တာမို့ သူ့ကို နေရာပြန်ပေးပြီး စပါးနဲ့ပွဲမှာ အထင်ကြီးစရာ ကောင်းခဲ့ပြီး ဂိုးသွင်းယူခဲ့တဲ့ လူးဝစ်ဒီယက်စ်က ပွဲထွက်ခွင့် ရရှိလောက်မှာဖြစ်လို့ နူညက်ကို အရံခုံမှာပဲ ဆက်လက် မြင်တွေ့ရနိုင်ပါတယ်။