အဝေးကွင်း ခြေစွမ်း ဆက်ညံ့နေခြင်း၊ အံ့မခန်း အယ်လီဆန်၊ လူစားလဲမှု မှန်ကန်ခြင်းနဲ့ ပဲလေစ့် နိုင်ပွဲအပြီး ပြောစရာများ

အဝေးကွင်း စွမ်းဆောင်ရည်

ဒီရာသီ လီဗာပူးအသင်း အဝေးကွင်း စွမ်းဆောင်ရည် မကောင်းခြင်းဟာ ဆက်တိုက် ထောက်ပြစရာ ဖြစ်နေပြီးပါပြီ။ အထူးသဖြင့် လူတန်တောင်းကို သရေကျတဲ့ပွဲ၊ ရှက်ဖီးနဲ့ အခု ပဲလေစ့်တို့ကို နိုင်တဲ့ပွဲတွေဟာ အလယ်အလတ်တန်းစား အသင်းတွေရဲ့ ခြေစွမ်းမျိုးပဲ ရှိပါတယ်။

စွမ်းဆောင်ရည် မကောင်းရာမှာ အကြောင်းရင်းတွေ အများကြီး ရှိပါတယ် ပွဲကြပ်နေလို့ အဓိက ကစားသမားတွေ နာနေလို့ အမျိုးမျိုး ရှိပေမယ့် အဝေးကွင်း ပုံစံတွေမှာ အသင်းဟာ ထိပ်တန်းအဆင့်မှာ ရှိမနေပါဘူး။

လီဗာပူးအသင်းဟာ ဒီရာသီမှာ အနောက်ကနေ လိုက်ကစားပြီး ရမှတ် ၁၅ မှတ် ရထားကာ ရထားတဲ့ အမှတ်ရဲ့ ထက်ဝက်လောက်ထိ ရှိနေပါတယ်။ ပွဲတွေမှာ အရေးအကြီးဆုံးက နိုင်ပွဲရနေဖို့ ဖြစ်ပေမယ့် အဝေးကွင်းမှာ ရုန်းကန်နေရတဲ့ ခြေစွမ်းတွေအရ ဆိုရင် ကံနည်းနည်းမကောင်းရင် ပေးဆပ်မှု ကြီးမားနိုင်ပါတယ်။

အယ်လီဆန်

ပဲလေစ့်ပွဲမှာ လီဗာပူအသင်း ပွဲထဲ ဆက်ရှိနေတာနဲ့ နောက်ဆုံးမှာ ပြုံးပျော်သူ ဖြစ်နိုင်ခဲ့တာဟာ အယ်လီဆန်ကြောင့် ဖြစ်ပါတယ်။ ပထမပိုင်းမှာ အပိုင်အခွင့်အရေးကို ကာကွယ်ခဲ့သလို ဒုတိယပိုင်း နောက်ဆုံးမိနစ်မှာ ပဲလေစ့်ရဲ့ ပိတ်ချက်ကို သူပဲ ကာကွယ်ပေးခဲ့ပါတယ်။

မန်စီးတီးပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အယ်လီဆန်ဟာ ဖူလ်ဟမ်နဲ့ ရှက်ဖီးပွဲကို လွဲချော်ခဲ့ပြီး အခုလို သူပြန်ကစားလာနိုင်ခြင်းဟာ မန်ယူနိုက်တက်၊ အာဆင်နယ်လို ပွဲကြီးတွေအတွက် စိတ်ချရမှုကို ဖြစ်စေခဲ့ပါတယ်။

ပွဲထွက်နဲ့ မထိုက်တန်သေးသူတွေ

ကွမ်းဆက်၊ ဂရာဗင်ဘက်ချ်နဲ့ အန်ဒိုတို့ဟာ ပွဲထွက်လူစာရင်းက ပါဝင်လာပေမယ့် အသင်းသား အားလုံး ကြံ့ခိုင်နေရင် ပုံမှန်ကစားခွင့် မရသင့်သေးပါဘူး။ ကွမ်းဆက်အပေါ် အများကြီး မျှော်လင့်ပေမယ့် သူကစားနေရတဲ့ ယူရိုပါလိဂ်ဟာ ပဲလေစ့်လို ပရီးမီးယားလိဂ် အဝေးကွင်းခက်တဲ့ အသင်းလို ပြိုင်ဘက်မျိုးတွေ မဟုတ်ပါဘူး။

ခံစစ်မှူးထံက အတွေ့အကြုံ နုနယ်မှုကို မြင်ခဲ့ရပြီး အန်ဒိုကလည်း အတော်လေးကို လေးပင်းလှပါတယ်။ ဒါ့အပြင် ဘယ်ခြမ်းက ပွဲထွက်လာတဲ့ ဂရာဗင်ဘက်ချ်ကတော့ ဒီရာသီ သူ့ရဲ့ အဆိုးရွားဆုံး လီဗာပူးပွဲကို ကစားခဲ့တာပါ။ သူ့နေရာမှာ ကာတစ်ဂျုံး ဝင်လာချိန်မှာတော့ ကစားပုံက သိသိသာသာ တက်လာခဲ့ပါတယ်။

နည်းပြကလော့ပ်ရဲ့ လူစားလဲမှုတွေဟာ ဒီရာသီ သိသိသာသာ အကောင်းမြင်စရာဖြစ်ပြီး ဒီနေ့မှာ အရန်ခုံက ထလာတဲ့ အသင်းသား ၅ ဦးလုံးက လူစားလဲခဲ့တဲ့ ပွဲထွက် ကစားသမားတွေထက် ခြေစွမ်း ပိုကောင်းခဲ့ပါတယ်။

ဆာလာ

ချယ်ဆီးကစားသမားအဖြစ် အင်္ဂလန်ကို ခြေချလာခဲ့တဲ့ ဆာလာဟာ လီဗာပူး ကစားသမားဘဝ သွင်းဂိုး ၂၀၀ ပြည့်ခဲ့ပါပြီ။ ပဲလေစ့်ပွဲမှာ ဆာလာကလည်း များများစားစား မလုပ်ပြနိုင်ခဲ့ပေမယ့် အသင်းအတွက် အရေးကြီးတဲ့ ခြေပဂိုးကို တတ်နိုင်သလောက် အစောဆုံး သွင်းယူပေးခဲ့ပါတယ်။

လီဗာပူးတိုက်စစ်မှာ ဖယ်ထုတ်မရသူအဖြစ် အကောင်းဆုံး စွမ်းဆောင်ပြနေတဲ့ ဆာလာဟာ ပရီးမီးယားလိဂ်ရဲ့ ထာဝရ အကောင်းဆုံး ကစားသမားတွေက တစ်ဦးအဖြစ် ဂန္တဝင်တွင်နေမယ့်သူပဲ ဖြစ်ပါတယ်။

ချန်ပီယံဖိအား

လီဗာပူးအသင်း နိုင်ပွဲတွေ ရနေတာနဲ့အမျှ ဒီကရှေ့ ချန်ပီယံဖိအားတွေ စတင်လာတော့မှာ ဖြစ်ပါတယ်။ ရာသီစတုန်းက ထိပ်ဆုံး ၄ သင်း ဝင်ခွင့်အတွက်ပဲ ခန့်မှန်းခံရတဲ့ အသင်းဟာ အခုဆိုရင် ဇယားထိပ်ကို တက်ရောက်သွားခဲ့ပါပြီ။ အသင်းဟာ အာဆင်နယ်၊ မန်စီးတီးတို့ရဲ့ ဖလားစိန်ခေါ်ဘက် ဖြစ်လာနေပါပြီ။

လီဗာပူးမှာ ယာဂင်ကလော့ပ်လို နည်းပြရှိနေသေးသလို၊ ဆာလာ၊ ဗန်ဒိုက်၊ အယ်လီဆန်လို ကမ္ဘာ့အဆင့် ကစားသမား​တွေ ရှိနေသေးတာမို့ အသင်းအပေါ် ပုံကျလာတဲ့ ဖိအားတွေကို သူတို့ရဲ့ ဦးဆောင်မှုနဲ့ အကောင်းဆုံး ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်။