အကောင်းဆုံး တိုက်စစ်နဲ့ ခံစစ်၊ လက်ဖျားခါနေကြတဲ့ စိတ်ဓါတ်ပိုင်း၊ ဆာလာကို ဩဘာပေးကြခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အာဆင်နယ်အသင်း ရှုံးပွဲတွေ့သွားတာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ အပြီးမှာ လီဗာပူးအသင်းဟာ အမှတ်ပေးဇယား ထိပ်မှာ ဆက်ရှိနေဖို့ သေချာနေခဲ့ပါပြီ။

ဒီရာသီမှာ လီဗာပူးအသင်းဟာ ရမှတ် ၃၇ မှတ်ရထားပါတယ်။ အဲ့ထဲက ၁၅ မှတ်ဟာ ပြိုင်ဘက်တွေကို နောက်ကနေ လိုက်ကစားပြီး ရယူထားနိုင်တာ ဖြစ်ပါတယ်။

မန်ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ အဝါကဒ် ပြစ်ဒဏ် ပြည့်သွားတာကြောင့် လာမယ့်အပတ် လီဗာပူးနဲ့ ပွဲစဉ်ကို လွဲချော်သွားမှာ ဖြစ်ပါတယ်။

ပဲလေစ့်ကို အဝေးကွင်းမှာ အနိုင်ရတဲ့ ပွဲအတွင်း ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို အယ်လီဆန်က ရရှိသွားပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် တိုက်စစ်အကောင်းဆုံးအဖြစ် လီဗာပူးအသင်းဟာ မန်စီးတီးနဲ့အတူ ၃၆ ဂိုးဖြင့် ပူးတွဲရပ်တည်ပါတယ်။ ခံစစ်အကောင်းဆုံး အသင်းအဖြစ်လည်း အာဆင်နယ်နဲ့အတူ ပေးဂိုး ၁၅ ဂိုးဖြင့် ပူးတွဲ ရပ်တည်နေပါတယ်။

လီဗာပူးသမိုင်းမှာ အသင်းအတွက် သွင်းဂိုး ၂၀၀ သွင်းယူထားနိုင်တဲ့ ကစားသမားဟာ ဆာလာ အပါမှ ၅ ဦးပဲ ရှိထားဖူးပါတယ်။

၂၀၀ လို့ ရေးထိုးထားတဲ့ ဂျာစီကို ဆာလာကို ပေးဖို့ အသင်းက ပြီးခဲ့တဲ့ ၂ ပတ်တည်းက စီစဉ်ထားပေမယ့် ဒီနေ့မှပဲ ပေးနိုင်ခဲ့တယ်လို့ နည်းပြကလော့ပ်က ပြောပါတယ်။ အသင်းအဝတ်လဲခန်းက ဆာလာကို လက်ခုပ် ဩဘာတွေပေးပြီး ဂုဏ်ပြုကြတယ်လို့ သိရပါတယ်။

ဆိုဘိုစလိုင်ရဲ့ ခြေစွမ်း ဆက်တိုက် ကျဆင်းနေတဲ့အပေါ် ပရိသတ်တွေက စိတ်ပူနေကြပါတယ်။ ဟန်ဂေရီသားဟာ မာဆေးဆိုဒ်မှာ အဖော်မဲ့စွာ တစ်ဦးတည်း နေထိုင်နေသူဖြစ်ပြီး ကွင်းပြင်ပ အထီးကျန်မှုဟာ ကွင်းတွင်း ခြေစွမ်းကို ရိုက်ခတ်နေသလားလို့ မေးခွန်းထုတ်နေကြပါတယ်။

လီဗာပူးထံက ချန်ပီယံခြေစွမ်းမျိုး မမြင်ရပေမယ့် နောက်ဆုံး ၂ ပွဲဆက် နောက်ကနေ လိုက်ကစားပြီး နိုင်ပွဲပြန်ရယူပြခြင်းနဲ့အတူ အရှုံးမပေးလိုတဲ့ စိတ်ဓါတ်ပိုင်းကတော့ လက်ဖျားခါလောက်စရာဖြစ်ကြောင်း ဝေဖန်သူတွေက မှတ်ချက်ပေးနေပါတယ်။