ဘောလုံး ကစားတာကောင်းလို့ ဘယ်သူမှ အော်စကာဆု မပေးဘူးလို့ အသင်းသားတွေကို ကြိမ်းမောင်းခဲ့တဲ့ နည်းပြကလော့ပ်

ပဲလေစ့်ကို ရင်ဆိုင်ရာမှာ ဆာလာ၊ ဟာဗေးတို့က ဂိုးတွေ ရယူနိုင်ခဲ့ပေမယ့် ပြိုင်ဘက်အသင်း ကစားသမား တစ်ဦး အထုတ်မခံရခင် အသင်းကစားတာ ဆိုးရွားခဲ့ကြောင်းကို နည်းပြကလော့ပ်က သတိပေးမှု လုပ်ခဲ့ရပါတယ်။

လီဗာပူးဟာ ဖူလ်ဟမ်၊ ရှက်ဖီး၊ ပဲလေစ့်တို့ကို ဆက်တိုက် အနိုင်ယူခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ကို ရောက်လာခဲ့ပါတယ်။ ဒီပွဲတွေမှာ အသင်းဟာ ခြေစွမ်းပိုင်း ရုန်းကန်ခဲ့ရပြီး နည်းပြကလော့ပ်ကတော့ စွမ်းဆောင်ရည် မကောင်းရင်တောင် ရလဒ်တော့ ရအောင်ယူဖို့ အဝတ်လဲခန်းထဲမှာ တိုက်တွန်းခဲ့ရတာဖြစ်ပါတယ်။

ပဲလေစ့်ပွဲအပြီးမှာ ကလော့ပ်ကပဲ “ ၇၆ မိနစ်အထိ ကျနော်တို့ ဆိုးရွားတဲ့ပွဲကို ကစားခဲ့ကြပါတယ်။ ပွဲအစပိုင်းမှာ ပဲလေစ့်က ယုံကြည်မှု အားနည်းစွာနဲ့ မလုံခြုံမှုတွေအောက်မှာ ရှိနေခဲ့ကြတယ်။ သူတို့ကို ရင်ဆိုင်ပြီး ကျနော်တို့ အကောင်းဆုံး လုပ်နိုင်ရမှာတွေကို မလုပ်နိုင်ခဲ့ပါဘူး။

အပတ်တိုင်းက ပြင်းထန်တဲ့ပွဲစဉ်တွေကို ရင်ဆိုင်နေရပြီး ပဲလေစ့်ပွဲမှာ ကျနော်တို့တွေ သိပ်မကောင်းခဲ့ပါဘူး။ ကောင်လေးတွေကို ပွဲချိန် ၇၆ မိနစ်ထိ ဒီလောက် ဆိုးဆိုးရွားရွား ကစားခဲ့တာကို ပထမဆုံး မြင်ဖူးတာပဲလို့ ပြောပြဖြစ်ခဲ့တယ်။

ဒီနှစ်ထဲမှာဆိုရင် ရှက်ဖီးယူနိုက်တက်ကို ရင်ဆိုင်တုန်းကလည်း ကျနော်တို့ ရလဒ်ယူနိုင်ဖို့ လိုကြောင်းကို ဒီလိုပဲ သတိပေးခဲ့ရဖူးပါတယ်။

အကောင်းဆုံး ဘောလုံးပွဲကို ကစားနိုင်လို့ ဆိုပြီး ဘယ်သူကမှ အော်စကာဆု လာမပေးပါဘူး။ ပြိုင်ဘက်ကို ရင်ဆိုင်ရာမှာ ၃ မှတ် အပြည့်ရဖို့ပဲ လိုပါတယ်။ ရလဒ်တွေ ယူနိုင်တာကိုတော့ ပျော်မိပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လာမယ့်အပတ်မှာ လီဗာပူးအသင်းဟာ ရလဒ်တွေ မတည်ငြိမ်ဖြစ်နေတဲ့ ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ အနိုင်ရလဒ်က လွဲလို့ အခြား ရလဒ်ထွက်ခွင့်မရတာမို့ ဒီတလော ခြေစွမ်းကျဆင်းမှုကို အသင်းဘက်က ကုစားနိုင်ဖို့ မျှော်လင့်တာဖြစ်ပါတယ်။