

လီဗာပူးအသင်းဟာ ပဲလေစ့်ကို နောက်ကနေ လိုက်ကစားပြီး မိုဆာလာ၊ ဟာဗေးတို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ရခဲ့ပေမယ့်လို့ ကစားသမား အချို့ရဲ့ အားနည်းမှုကတော့ ထောက်ပြစရာတွေ ဖြစ်ခဲ့ပါတယ်။
ပွဲထွက်လူစာရင်းမှာ ကွင်းလယ်ခံစစ်နေရာက ပါဝင်လာတဲ့ ဝါတာရု အန်ဒိုနဲ့ အထောင်တိုက်စစ်နေရာက ပွဲထွက်ခဲ့တဲ့ ဒါဝင် နူးညက်စ်တို့ရဲ့ ခြေစွမ်းဟာ ပဲလေစ့်ပွဲမှာ မလုံလောက်ခဲ့ဘူးလို့ မှတ်ချက်တွေရခဲ့တာပါ။
မက်ကယ်လစ္စတာ ဒဏ်ရာရနေချိန် တစ်ဦးတည်းသော ကွင်းလယ် ခံစစ်သမားဖြစ်တဲ့ အန်ဒိုကို နေရာပေးရာမှာ ဂျပန်လက်ရွေးစင်ဟာ အတော်လေး နှေးကွေးနေခဲ့ပါတယ်။ သူနဲ့အတူ တွဲဘက်ခဲ့ကြတဲ့ ဂရာဗင်ဘက်ချ်နဲ့ ဆိုဘိုစလိုင်တို့ကလည်း ပဲလေစ့်ပွဲမှာ ခြေစွမ်း မကောင်းခဲ့ကြပါဘူး။
“ ကလော့ပ်က လူစားလဲမှု ၅ ခု ပြုလုပ်ခဲ့တယ်။ ၅ ခု အပြည့် သုံးခဲ့တာက ပွဲထွက်မှာ ပါဝင်လာတဲ့ ကစားသမားတွေ ရုန်းကန်နေရတာကို သူ ရိပ်စားမိလို့ပါပဲ။
အန်ဒိုက ပရီးမီးယားလိဂ်အတွက် သင့်လျော်တဲ့ အရှိန်မျိုး ရှိမနေခဲ့ဘူး။ ဘောလုံးကိုင်တွယ်တာ နောက်ကျပြီး ဖောင်းတွေ လုပ်မိနေပါတယ် ” လို့ ESPN ရဲ့ သုံးသပ်ချက်မှာ ထည့်သွင်း ဖော်ပြခံခဲ့ရတယ်။
ပရီးမီးယားလိဂ် တိုက်စစ်သမားဟောင်း ကက်စကာရီနိုကလည်း “ အရင် သီတင်းပတ် အနည်းငယ်တုန်းက ကလော့ပ်ဟာ ဒါဝင်ရဲ့ ပြေးနှုန်း၊ တိုက်စစ်ပိုင်း ဦးဆောင်နိုင်စွမ်းနဲ့ သူ့ရဲ့ အရည်အချင်းတွေကို ထုတ်ဖော် ချီးကျူးခဲ့တယ်။
ပဲလေစ့်ပွဲမှာတော့ သွင်းဂိုးတွေအတွက် ဆာလာကပဲ ဦးဆောင် လုပ်ပေးသွားတာပါ။ ဒါဝင်က ဘာမှ မလုပ်ပြနိုင်ပါဘူး။ လီဗာပူးအသင်း ပရီးမီးယားလိဂ် ရလိုတယ်ဆိုရင် ဒါဝင် ကောင်းလာဖို့ လိုပါတယ်။ အဆုံးသတ်ပိုင်းတွေနဲ့အတူ သူ့ရဲ့ တန်ကြေးကို ပြရပါလိမ့်မယ်။
ဒီတလော ဒါဝင်ရဲ့ ပွဲတွေကို ကြည့်လိုက်ရင် ဘောလုံး ထိချက်တွေ မကောင်းဘူး၊ နေရာလွတ်တွေထံ ပြေးလွှားမှုတွေကလည်း တချိန်လုံး လူကျွံနေတယ်။ သူက အာရုံစူးစိုက်မှုလည်း မကောင်းဘူး ” လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ နိုင်ပွဲတွေ ရနေပေမယ့် အကောင်းဆုံး ခြေစွမ်းတွေ ပျောက်ကွယ်နေပြီး ဒါကို ပြန်လည် ဖော်ထုတ်ဖို့ နည်းပြကလော့ပ် ကြိုးစားပေးဖို့ လိုအပ်နေမှာ ဖြစ်ပါတယ်။