ကလော့ပ် လက်ထက် စံချိန်ကောင်း၊ မကြောက်ကြနဲ့လို့ ဂယ်ရီနဗီး တိုက်တွန်းခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

လီဗာပူး အသင်းခေါင်းဆောင်ဟောင်းနဲ့ စကိုင်းစပေါ့ သုံးသပ်သူ ဂျင်မီ ရက်နက်ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဟာ လီဗာပူး၊ အာဆင်နယ်၊ မန်စီးတီးဆိုတဲ့ ကလပ် ၃ သင်းထဲကပဲ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းပါတယ်။

မနှစ်ကရာသီ ၇-၀ ရလဒ်ဖြင့် အနိုင်ယူခဲ့တဲ့ ယူနိုက်တက် ပွဲကြိုမှာ ရလဒ်ဟောင်းနဲ့ ပတ်သက်လို့ အစေဖော်မှုတွေ ရှိနေပါတယ်။

အန်ဖီးမှာ လီဗာပူးကို ရင်ဆိုင်ကစားဖို့ မကြောက်ကြနဲ့လို့ ယူနိုက်တက် ကစားသမားတွေကို ဂယ်ရီနဗီးက တိုက်တွန်းသလို ရဲရဲရင့်ရင့် ကစားပြကြဖို့လည်း နှိုးဆော်နေပါတယ်။

နိုင်ငံတကာ သီတင်းပတ် ပြီးတည်းက ဒါဝင် နူးညက်စ်ရဲ့ ခြေစွမ်းဟာ အကျဘက်ကို ရောက်နေကြောင်း ထောက်ပြမှုတွေ ထွက်ပေါ်နေပြီး ပဲလေစ့်ပွဲမှာ လူကျွံဘောတွေ အများကြီး ဖြစ်နေခြင်းက သူ့ရဲ့ အာရုံစူးစိုက်မှု အားနည်းခြင်းကို ပေါ်လွင်နေစေကြောင်း မှတ်ချက်တွေ ရနေပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ မိနစ် ၉၀ အနိုင်ဂိုးကို အကြိမ် ၄၀ သွင်းယူထားကာ အများဆုံးအဖြစ် စံချိန်တင်ပါတယ်။ ယာဂင်ကလော့ပ် လက်ထက်မှာ ၁၇ ကြိမ်ဖြစ်ပြီး ဒါဟာ ဆာအဲလက်စ် လက်ထက် ယူနိုက်တက်တို့ လုပ်နိုင်ခဲ့တဲ့ ၁၆ ကြိမ်ထက်တောင် ပိုများသွားပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဖလားအတွက် လီဗာပူးက ဖိအားမရှိဘဲ မန်စီးတီးကတော့ ချန်ပီယံ ကာကွယ်ရမယ်ဆိုတဲ့ ဖိအားတွေ အပြည့်ရှိနေတယ်လို့ ဂွာဒီယိုလာက ညီးတွားပါတယ်။

လီဗာပူးရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်းတွေမှာ ခက်ခဲမယ့် ပြိုင်ဘက်တွေ အဖြစ် အာဆင်နယ်၊ အက်စတွန်ဗီလာ၊ မန်ယူနိုက်တက်၊ အဲဗာတန်တို့ကလွဲရင် ကျန်အသင်းတွေကို ရာသီဝက်မှာ ယှဉ်ပြိုင်ထားပြီး ဖြစ်ပါတယ်။

နွေတုန်းက သတင်းတွေရှိခဲ့ပေမယ့် ဇန်နဝါရီ စျေးကွက်မှာ လီဗာပူးအသင်းက ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ညာကို ကြိုးစားသွားဖွယ် မရှိပါဘူး။

လီဗာပူးကို ရင်ဆိုင်တဲ့ပွဲမှာ ပြစ်ဒဏ် ကဒ်ပြားပေါင်း ၈ ကြိမ် ပေးခဲ့ရတဲ့ ပဲလေစ့်ဟာ ဒဏ်ငွေ ပေါင် ၂၅၀၀၀ ဆောင်ခဲ့ရပါတယ်။ အလားတူ ဒဏ်ကြေးမျိုးကို လီဗာပူးကလည်း စပါးကို ရှုံးတဲ့ပွဲမှာ ဆောင်ခဲ့ရပါသေးတယ်။