လီဗာပူးကို မကြောက်ကြပါနဲ့ သတ္တိရှိရှိ ကစားကြပါလို့ အရေးတကြီး နှိုးဆော်နေတဲ့ ဂယ်ရီနဗီး

ဒီအပတ် အန်ဖီးမှာ လီဗာပူးကို ရင်ဆိုင်ရချိန် မနှစ်က ၇-၀ ဖြင့် ရှုံးခဲ့သလို မဟုတ်ဘဲ သတ္တိရှိရှိ ကစားကြပါလို့ ဂယ်ရီနဗီးက သူ့အသင်းဟောင်းကို တိုက်တွန်းသွားပါတယ်။

ဒီနှစ်သင်း ထိပ်တိုက်တွေ့ချိန်တိုင်းမှာ အမှတ်ပေးဇယားထက် အနိုင်ဆိုတာအတွက်ပဲ ဦးတည်လေ့ ရှိကြတာဖြစ်ပါတယ်။ သို့ပေမယ့် ရာနှုန်းပြည့် အိမ်ကွင်းနိုင်ပွဲ မှတ်တမ်းနဲ့တကွ အမှတ်ပေးဇယားထိပ်မှာ ရှိနေတဲ့ လီဗာပူးအသင်းဟာ ဒီပွဲကို လုံးဝ အမှားမခံဘဲ အနိုင်ရလဒ်အတွက် ဦးတည် ကစားလာမှာဖြစ်ပါတယ်။

နဗီးကတော့ လီဗာပူးက ပယ်ပယ်နယ်နယ် တွယ်ထည့်တာကို ယူနိုက်တက်တို့ ရင်ဆိုင်ရနိုင်ကြောင်း နားလည်ထားပြီး အားထုတ်ကစားပေးကြဖို့ မန်ချက်စတာ အသင်းသားတွေကို တိုက်တွန်းပါတယ်။

ဂယ်ရီနဗီးကပဲ ‘ မနှစ်ကရာသီ ၇-၀ နဲ့ ရှုံးခဲ့သလို ဒီရာသီ အခြေအနေတွေအရ လီဗာပူးက ကိုယ့်အသင်းကို ကောင်းကောင်းကြီး ဗျင်းတော့မှာပဲလို့ ခံစားမိနေတယ်။ ဒါပေမယ့် အမြဲတမ်း အဲ့လိုကြီး ဖြစ်နေမှာ မဟုတ်ပါဘူး။

ယာဂင်ကလော့ပ်နဲ့ သူ့အသင်းသားတွေလည်း ယူနိုက်တက်ကို ရင်ဆိုင်ရမှာ လွယ်လိုက်တာလို့ ထင်နေကြမှာ မဟုတ်ပါဘူး။ သူတို့ ပရော်ဖက်ရှင်နယ်ဆန်ဆန် ယှဉ်ပြိုင်လာမှာကို အကြောက်ဆုံးပါပဲ။ ယူနိုက်တက်က ထူးထူးခြားခြား မစွမ်းဆောင်ပြမှာကိုလည်း စိုးရိမ်မိပါတယ်။

အန်ဖီးကို ရင်ဆိုင်အံတုဖို့ ယူနိုက်တက်မှာ ခေါင်းဆောင်မှုကော အရည်အချင်းပါ မရှိပါဘူး။ အန်ဖီးဆိုတာ ယူနိုက်တက် ကစားသမားတွေအတွက် အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နေရာပါ။ ဘယ်လို အခြေအနေပဲ ဖြစ်နေနေပါ လီဗာပူးဆိုတာနဲ့ အန်ဖီးဆိုတာနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ပါတယ်။

ယူနိုက်တက် ကစားသမားတွေ ကြိုးစား အားထုတ်ပြီး မကစားဘူးဆိုရင် ပြတ်ပြတ်သားသား ရှုံးနိမ့်မှာပါ။ ဒီအပတ်အတွက် အကောင်းဆုံး ပြင်ဆင်ပြီး သတ္တိရှိရှိ ကစားဖို့ လိုပါတယ်။ တကယ်ကို ထိတ်လန့်ဖို့ကောင်းတဲ့ သီတင်းပတ် ဖြစ်လာပါလိမ့်မယ် ’ လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။