လီဗာပူးအသင်းဟာ အိမ်ကွင်းပွဲစဉ် ၃ ပွဲဆက်ထဲက ဒုတိယမြောက် ပွဲအဖြစ် ဒီရာသီ ခြေစွမ်း မဆိုးလှတဲ့ ဖူလ်ဟမ်အသင်းကို ဒီည ၁ နာရီခွဲ အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
အမှတ်ပေးဇယားမှာ လီဗာပူးအသင်းက အဆင့် ၄ နေရာ စိန်ခေါ်နိုင်နေဆဲ ဖြစ်ပေမယ့် အခွင့်အရေးက ကိုယ့်လက်ထဲမှာ မဟုတ်တာကြောင့် အကောင်းဆုံးတွေ မျှော်လင့်နေတာထက် ရလဒ်အတွက် ကစားပြီး စွမ်းဆောင်ရည်ကောင်းတွေ ထုတ်ပြနိုင်ဖို့အပေါ် အာရုံစိုက်ရမှာ ဖြစ်ပါတယ်။
Team news
- ဖာမင်နို ကြွက်သား ဒဏ်ရာကြောင့် မပါနိုင်သေးပါဘူး။
- စပါးပွဲအပြီး ဂျိုတာ နောက်ကျော နာကျင်မှု ခံစားနေရပါတယ်။
- သီယေဂိုဟာ ဒဏ်ရာကြောင့် ရာသီကုန်ထိ လွဲပါပြီ။
Liverpool’s XI vs. Fulham
နည်းပြကလော့ပ်ဟာ ဒီပွဲမှာ ခံစစ်ကို အနည်းငယ် အပြောင်းအလဲ ပြုလုပ်မယ်လို့ ခန့်မှန်းရပါတယ်။ ကြံ့ခိုင်မှုပိုင်း အနည်းငယ် ရုန်းကန်ထားရတဲ့ ကိုနတေးကို အနားပေးပြီး မာတစ်ကို ထုတ်သုံးမလား? စပါးပွဲမှာ အမှားများထားတဲ့ ရိုဘိုကို အနားပေးပြီး ဂိုးမက်စ်ကို ပွဲထုတ်ခြင်းနဲ့ ခံစစ် ၃ ယောက်တန်း ပြောင်းမလား? စောင့်ကြည့်ရမှာပါ။
ခံစစ်မှာ အယ်လီဆန်၊ ထရန့်၊ ဗန်ဒိုက်တို့ သူတို့ရဲ့ နေရာကို ဆက်ထိန်းနိုင်ပြီး ကိုနတေး နေရာ မာတစ် ဝင်ကစားကာ ဘယ်ခြမ်းမှာ ရိုဘိုကို ဆက်လက် နေရာချမယ်လို့ ခန့်မှန်းရပါတယ်။
ကွင်းလယ်မှာတော့ ကာတစ်ဂျုံးက ၇ ပွဲဆက်တိုက် နေရာရလာဖွယ်ရှိပြီး ဒီတလော ခြေစွမ်းကောင်းတွေ ပြန်ပြနေတဲ့ ဖာဘင်ညိုကလည်း သူ့ရဲ့ နေရာကို ဆက်ထိန်းနိုင်မှာပါ။ လက်ကျန် ကွင်းလယ် တစ်နေရာအတွက် ဟာဗေးကို အသုံးပြုကာ ဟန်ဒါဆန်ကို လူစားဝင် ကစားစေဖွယ် ရှိပါတယ်။
တိုက်စစ်မှာတော့ ဂက်ပိုနဲ့ ဆာလာတို့က သူတို့နေရာကနေ ပွဲထွက်ရဦးမှာဖြစ်ပြီး ဘယ်ခြမ်းမှာတော့ ဒါဝင်ကိုကျော်ပြီး ဒီယက်စ် နေရာရလာဖို့ ရှိပါတယ်။
နည်းပြကလော့ပ်ဟာ သူ့ရဲ့ စနစ်သစ်ကို ကျင့်သုံးလာပြီးတည်းက လူအပြောင်းအလဲ အများကြီး မလုပ်ဘဲ ပွဲထုတ်လေ့ရှိပြီး လူစားလဲမှုတွေကို မိနစ် ၆၀ နဲ့ ၇၀ ဝန်းကျင်တွေမှာ လုပ်လေ့ ရှိပါတယ်။ ဟန်ဒါဆန်၊ ဒါဝင်၊ မီလ်နာတို့က ပွဲအခြေအနေပေါ် မူတည်ပြီး လူစားဝင်လာဖွယ် ရှိတာ ဖြစ်ပါတယ်။