ပရီးမီးယားလိဂ် နည်းပြဟောင်း ဆာအဲလက်စ်ရဲ့ နာမည်ကြီး စံချိန်ကို ချိုးဖျက်လိုက်တဲ့ နည်းပြကလော့ပ်

စနေနေ့ညက ပဲလေစ့်အိမ်ကွင်းမှာ ဟာဗေးရဲ့ မိနစ် ၉၀ အနိုင်ဂိုးကြောင့် ၂-၁ ရလဒ်ဖြင့် လီဗာပူးအသင်း အနိုင်ရခဲ့တဲ့နောက် နည်းပြကလော့ပ်ဟာ ထူးရှယ် မှတ်တမ်းတစ်ခုကို ရရှိသွားပြီ ဖြစ်ပါတယ်။

လီဗာပူးကို ကိုင်တွယ်လာတာ ၉ ရာသီ ရှိခဲ့ပြီဖြစ်တဲ့ ကလော့ပ်ဟာ မန်ချက်စတာ ယူနိုက်တက်ကို နည်းပြဟောင်း ဆာအဲလက်စ် ကိုင်တွယ်ခဲ့တဲ့ ၂၆ ရာသီအတွင်း ပိုင်ဆိုင်ခဲ့တဲ့ ထူးခြား မှတ်တမ်း တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

ဟာဗေးရဲ့ သွင်းဂိုးဟာ နည်းပြကလော့ပ် လက်ထက် လီဗာပူးအသင်း မိနစ် ၉၀ နောက်ပိုင်း နာကျင်အချိန်ပိုမှ အနိုင်ဂိုး သွင်းယူနိုင်ခြင်း (၁၇ ကြိမ်) မြောက် ပွဲစဉ် ဖြစ်လာခဲ့တယ်။ ဒါဟာ ဆာအဲလက်စ် လက်ထက် ယူနိုက်တက်တို့ လုပ်နိုင်တဲ့ (၁၆ ကြိမ်) ကို ကျော်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ မိနစ် ၉၀ နောက်ပိုင်းကို ‘Fergie time’ လို့ ဂုဏ်ယူစွာ ခေါ်ဆိုလေ့ရှိပြီး ပွဲမပြီးခင် ယူနိုက်တက် ရှုံးပြီ မပြောကြနဲ့လို့ ခပ်ကြွားကြွား ပြောလေ့ရှိတာပါ။

ကလော့ပ် ခေတ်မှာတော့ လီဗာပူးဟာ ပွဲနောက်ဆုံး စက္ကန့်ထိ အန္တရာယ်ကြီးတဲ့ အသင်းဖြစ်လာခဲ့ပြီး မိနစ် ၉၀ နောက်ပိုင်းမှာတောင် ပွဲကို အနိုင်ရမယ့် ဂိုးတွေကို သွင်းယူနိုင်မှု အများအပြား ရှိခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ် လက်ထက် လီဗာပူးအသင်းရဲ့ အကျော်ကြားဆုံးသော မိနစ် ၉၀ သွင်းဂိုး ၂ ဂိုးကတော့ –

၂၀၁၈ ဒီဇင်ဘာလ မာဆေးဆိုဒ် ဒါဘီမှာ ပစ်ဖိုဒ့်ရဲ့ အမှားက တစ်ဆင့် ပွဲချိန် ၉၀ + ၆ မိနစ်မှာ အိုရီဂီ သွင်းယူခဲ့တဲ့ ခေါင်းတိုက် သွင်းဂိုးနဲ့ ၂၀၂၁ မေလတုန်းက ပွဲချိန် ၉၀ + ၅ မိနစ် မှာ ဝက်စ်ဘရွန်းဘက်ကို အယ်လီဆန် သွင်းယူခဲ့တဲ့ အနိုင်ဂိုးတွေပဲ ဖြစ်ပါတယ်။