နည်းပြကလော့ပ်ကတော့ Anfield Road ကွင်းစမ်းမှုမှာ လီဗာပူးကို အထင်သေးကြသူတွေကို ရည်ရွယ်ပြီး အရွှန်းဖောက်မှု ပြုလုပ်ခဲ့ပါတယ်။
ဒီနွေမှာ လီဗာပူးက ကွင်းလယ် ပြန်တည်ဆောက်မှုကို စတင်ခဲ့ပြီး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးတွေထိ လုပ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဝရုန်းသုန်းကား အခြေအနေတွေဖြင့် စျေးကွက်ပိတ်ခဲ့ရတာဖြစ်ပါတယ်။
ကလော့ပ်က “ ဒီနွေမှာ ကျနော်တို့ ရင်ဆိုင်ခဲ့ရတာတွေရှိတယ်၊ နွေအပြောင်းအရွှေ့တုန်းက အချို့ ကိစ္စတွေမှာ ထူးထူးဆန်းဆန်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုဒီမှာ (အန်ဖီးကွင်းမှာ)၊ ကျနော်တို့ အချင်းချင်းကြား ပြောပြချင်တာက ကျနော်တို့ သိပ်ကို ကံကောင်းခဲ့တယ် ဆိုတာပါပဲ။ ” လို့ ပြောပါတယ်။
ကလော့ပ်က အန်ဖီးကွင်းထံ တက်ရောက်လာတဲ့ ပရိသတ်တွေကို ကိုင်ဆီဒိုကို မခေါ်ယူခဲ့ခြင်းနဲ့ အခုချိန်ထိ ဒဏ်ရာကြောင့် ချယ်ဆီးအတွက် ပွဲထွက်ပေးနိုင်ခြင်း မရှိသေးတဲ့ လာဗီယာကို မရလိုက်တာ လီဗာပူး ကံကောင်းတာပဲလို့ ဟာသဖောက်ခဲ့ကာ အားလုံးက ရယ်မောခဲ့ကြတယ်။
ဆက်လက်ပြီး “ အဲ့တုန်းကတော့ ဘာရယ်လို့ကို မသိခဲ့ဘူး။ အဲ့တုန်းက ခံစားချက်ကို မကြိုက်ပါဘူး။ ဒါပေမယ့် အဆင်ပြေပြေ ဖြစ်လာခဲ့တာအတွက် ပျော်ရွှင်မိပါတယ်။ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
ကွင်းလယ် ခံစစ်သမားတွေက လီဗာပူးကို မပြောင်းလာချင်ဘူး ဆိုတာကို ကျနော်တို့ သတိပြုမိခဲ့ကြတယ်။ ဘာဖြစ်ခဲ့လဲ ခင်ဗျားတို့ မြင်ပါတယ်။ နောက်တော့ အန်ဒိုလို ကစားသမားကောင်းက အသင်းကို ရောက်လာခဲ့ပါတယ် ” လို့ ကလော့ပ်က ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ကိုင်ဆီဒိုအတွက် ပေါင် ၁၁၁ သန်း၊ လာဗီယာအတွက် ပေါင် သန်း ၅၀ ဝန်းကျင်တွေ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားတွေက မနှစ်ကရာသီ အသင်းရဲ့ ကျဆင်းမှုအရ ချယ်ဆီးကပဲ ပိုတိုးတက်လာမယ့် ကလပ်လို့ ရွေးချယ်ခဲ့ကြတာပါ။
သို့ပေမယ့် ကလော့ပ် လက်အောက် လီဗာပူးဟာ သွေးသစ်လောင်းမှုကနေ ပြန်လည် တောက်ပလာခဲ့ကာ အခုဆိုရင် ဆုဖလား စိန်ခေါ်မှုကို ပြန်လည် အရှိန်တင်လာခဲ့ပြီ ဖြစ်ပါတယ်။