ပါလင်ညာနဲ့ လီဗာပူး အပြောင်းအရွှေ့ သတင်းတွေက တိုးတက်တဲ့ အဆင့်မျိုးထိ ရောက်လာနိုင်သလား

ဒီရက်ပိုင်းမှာ လီဗာပူးအသင်းဟာ ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ညာအတွက် စကားပြောမှုတွေ ပြုလုပ်နေကြောင်း အသံတွေ ဆက်တိုက် ကြားလာနေရပါတယ်။

ဖာဘင်ညိုကို ရောင်းထုတ်ပြီးတဲ့နောက် ကလော့ပ်က ကွင်းလယ်ခံစစ်ကို အတော်လေး လိုချင်ခဲ့ပြီး ဒီနွေမှာ ကွင်းလယ်ခံစစ်သမား အချို့က လီဗာပူးကို ပြောင်းလာဖို့ ငြင်းဆန်ခဲ့တယ်လို့ Anfield Road ကွင်းစမ်းပွဲမှာ နည်းပြကလော့ပ်က ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ကလော့ပ်နဲ့ နည်းပြအဖွဲ့ဟာ နံပါတ် ၆ နေရာအတွက် ကိုင်ဆီဒိုနဲ့ လာဗီယာအတွက် ကြိုးစားခဲ့တာကတော့ လူတိုင်းသိတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ နှစ်ဦးအပြင် ဖူလ်ဟမ်အသင်းမှ ပါလင်ညာကိုလည်း ကလပ်က အတော်လေး သဘောကျခဲ့ပါတယ်။

ပရီးမီးယားလိဂ် အတွေ့အကြုံရှိပြီး ပွဲထွက်လူစာရင်း စိန်ခေါ်နိုင်တဲ့ ကွင်းလယ်ခံစစ်သမားကို ကလော့ပ်တို့ လိုချင်ခဲ့ပေမယ့် ပါလင်ညာက ဘိုင်ယန်မြူးနစ်ထံ ပြောင်းဖို့ ဆုံးဖြတ်ခဲ့သလို အသင်းကလည်း အန်ဒိုကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

နွေမှာ အပြောင်းအရွှေ့ အပြီးမသတ်နိုင်ခဲ့တဲ့ ပါလင်ညာကို ဇန်နဝါရီမှာ ဘိုင်ယန်တို့ ပြန်ပြီး ကမ်းလှမ်းဖို့ မသေချာဖြစ်နေချိန်မှာပဲ ပေါ်တူဂီသားနဲ့ လီဗာပူးကြား အပြောင်းအရွှေ့ ကိစ္စ ပြန်ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ရိုမန်နိုကတော့ ပါလင်ညာနဲ့ လီဗာပူး အပြောင်းအရွှေ့ ကိစ္စဟာ ရင်ခုန်ရမယ့် အခြေအနေမျိုး မဟုတ်သေးပေမယ့် ကွင်းလယ်လူက ဇန်နဝါရီမှာ အသင်းပြောင်းမှာတော့ သေချာတယ်လို့ ဆိုပါတယ်။

ရိုမန်နိုကပဲ “ ဒီအခြေအနေမှာ လီဗာပူးက ပါလင်ညာအတွက် ချိတ်ဆက်မှုတွေကို အသက်သွင်းခြင်း မရှိသေးပါဘူး။ သူ့ကို ခေါ်ယူဖို့ ကလပ်တွေ အများကြီးက အလိုရှိနေပါတယ်။

သူက အရမ်းကို စျေးကြီးပါတယ်။ သူ့အတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးကလည်း အဓိကကျလာပါလိမ့်မယ်။ ဖူလ်ဟမ်က သူ့ကို ယူရို ၇၅-၈၀ သန်းရမှ လက်လွတ်မယ်ဆိုရင်တော့ ကလပ်တွေအတွက် ခက်ခဲပါလိမ့်မယ်။

ကလပ်တွေက ပြောင်းရွှေ့ကြေး တစ်ရပ် ပေးမယ်ဆိုရင် ဇန်နဝါရီမှာ ပါလင်ညာကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး ရှိပါတယ်။ သူကလည်း ဇန်နဝါရီမှာ အသင်းပြောင်းဖို့ကို ဦးစားပေးအဖြစ် ဆုံးဖြတ်ထားပါတယ် ” လို့ ပြောဆိုသွားပါတယ်။

လီဗာပူးဘက်ကတော့ ပါလင်ညာလို အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူကို ချိတ်ဆက်ရင်တောင် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ဝန်းကျင်ထက် ပိုပေးဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့လည်း စျေးကွက် အားစမ်းတဲ့ သတင်းမျိုးတွေ ထွက်နေတာ ဖြစ်ပါတယ်။