ဒီအပတ် ယူရိုပါလိဂ်ပွဲမှာ နည်းပြကလော့ပ်ဟာ အဓိက ကစားသမား အချို့ကို အနားပေးမှု လုပ်ဖွယ် ရှိပါတယ်။ စူပါဆန်းဒေးမှာ အသင်းဟာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲကောင်းရှိနေတာပါ။
စပိန် လာလီဂါကလပ် ဆီးဗီးလာအသင်းဟာ ချန်ပီယံလိဂ်မှာ အုပ်စု နောက်ဆုံးမှာပဲ ရှိခဲ့တာမို့ ယူရိုပါလိဂ်ထံ ဆင်းကစားလာနိုင်ခြင်း မရှိပါဘူး။ ၂၀၀၆ တုန်းက ယူရိုပါလိဂ်ဖိုင်နယ်မှာ လီဗာပူးအသင်းဟာ ဆီးဗီးလာကို ရှုံးနိမ့်ခဲ့ဖူးပါတယ်။
ရာသီစတုန်းက ယူနိုက်တက်ပရိသတ်တွေဟာ ၇-၀ နဲ့ နိုင်လည်း ချန်ပီယံလိဂ် မကန်ရပါဘူးလို့ လီဗာပူး ပရိသတ်တွေကို ဟားတိုက်ခဲ့ကြပေမယ့် အခုတော့ အုပ်စုဘိတ်ဆုံး အသင်းအဖြစ် ပြိုင်ပွဲက ထွက်ခွာခဲ့ရပါပြီ။
အာဆင်နယ် ပရိသတ်တွေက အက်စတွန်ဗီလာကို ရှုံးတဲ့ပွဲအပြီး ကွင်းလယ်ဒိုင် Jarred Gillett ဟာ လီဗာပူးပရိသတ် ဖြစ်တာမို့ သူတို့ကို နစ်နာစေမယ့် ဟာဗက် သွင်းဂိုး မပေးခဲ့တာလို့ သက်သေမရှိပါဘဲ စွပ်စွဲနေကြပါတယ်။
Jarred Gillett ဟာ အင်္ဂလန် ကလပ် တစ်သင်းသင်းကို အားပေးခြင်း မရှိသလို ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအဖြစ် ဗြိတိန်နိုင်ငံသား မဟုတ်တဲ့ ဒိုင်လူကြီး တစ်ဦးဖြစ်ပါတယ်။ ဩစတြေးလျသားဟာ လီဗာပူးမြို့က John Moores တက္ကသိုလ်မှာ တက်ရောက်ခဲ့ဖူးတာကြောင့် လီဗာပူးပရိသတ်ဆိုပြီး အာဆင်နယ်ပရိသတ်တွေက စွပ်စွဲနေကြတာဖြစ်ပါတယ်။
မာကာရဲ့ ဒူးဒဏ်ရာဟာ ထင်ထားတာထက် ပိုပြင်းထန်နေခြင်းနဲ့အတူ ကွင်းလယ်လူဟာ ယူနိုက်တက်ကို ရင်ဆိုင်ရမယ့် ပွဲအပါအဝင် ဒီဇင်ဘာ ပွဲအချို့ကို ဆက်လက် လွဲချော်မှာ ဖြစ်ပါတယ်။
ကွင်းလယ်လူ သီယေဂိုဟာ အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်စဝင်နေတယ်လို့ ယုံကြည်ရပြီး ၎င်းကတော့ အင်စတာဂရမ်မှာ အက်ဆာကို ရောက်လာတဲ့ ပုံကို တင်သွားခဲ့ပါတယ်။
လီဗာပူးအသင်းဖော်တွေဟာ မိုဆာလာရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၂၀၀ ပြည့်ကို အက်ဆာ လေ့ကျင့်ရေးကွင်းမှာ အတူတကွ ဂုဏ်ပြုပေးခဲ့ကြပါတယ်။
လီဗာပူးအသင်းဟာ ဘွန်ဒက်လီဂါ စျေးကွက်ကနေ ကစားသမားတွေ ရှာဖွေနေကြောင်း ရိုမန်နိုက အတည်ပြုပါတယ်။ ဒါပေမယ့်လို့ တိုးတက်တဲ့ အဆင့်မျိုးထိတော့ မရောက်သေးပါဘူး။