

ဒီအပတ် တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ရာနှုန်းပြည့် အိမ်ကွင်း အနိုင် မှတ်တမ်းကို ဆက်ထိန်းနိုင်ဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။
နည်းပြတန်ဟက်ရဲ့ အသင်းဟာ ခက်ခဲစွာ ရုန်းကန်နေရပေမယ့် ဖိအားတွေကနေ ဖောက်ထွက်ဖို့ရာ အန်ဖီးကွင်းမှာ တစ်ခုခု လုပ်ပြနိုင်ဖို့ ကြိုးစားလာမှာပါ။ အသင်းအနေနဲ့ ပြိုင်ဘက်ရဲ့ အခြေအနေဆိုးမှုအပေါ် သာယာမနေဘဲ ဒီပွဲမှာ အနိုင် ၃ မှတ်ရဖို့လိုတာကို နားလည်ထားဖို့ လိုပါတယ်။
ဒီပွဲစဉ်အတွက် ကွင်းလယ်ဒိုင်အဖြစ်တော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဒိုင်လူကြီး တစ်ဦးအဖြစ် လူသိများသလို ကမ္ဘာ့ဖလားပွဲထိပါ ကိုင်တွယ်ခွင့်ရထားတဲ့ မိုက်ကယ် အိုလီဗာက တာဝန်ယူသွားမှာဖြစ်ပါတယ်။
အကူဒိုင်တွေအဖြစ် Stuart Burt နဲ့ Dan Cook တို့ တာဝန်ယူပါမယ်။ Dan Cook ဟာ စပါးအိမ်ကွင်းမှာ ဒီယက်ဇ်ရဲ့ သွင်းဂိုးကို မပေးခဲ့စဉ် လက်ထောက် VAR ဒိုင်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ စတုတ္ထဒိုင်ကတော့ အန်တိုနီ တေလာဖြစ်ပါတယ်။
VAR ဒိုင်အဖြစ်တော့ John Brooks က တာဝန်ယူမှာဖြစ်ပြီး လက်ထောက် VAR ဒိုင်အဖြစ် Simon Long က တာဝန်ယူပါမယ်။ Simon Long ဟာ ဒီယက်ဇ်ဂိုးကို မပေးခဲ့သလို မှားယွင်းတဲ့ ဆုံးဖြတ်ချက် ၇ ကြိမ်လောက်ထိ ရှိခဲ့တဲ့ စပါးပွဲတုန်းက ကွင်းလယ်ဒိုင်ရဲ့ အကူဒိုင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။
လီဗာပူး vs ယူနိုက်တက်ပွဲ တာဝန်ယူမယ့် ဒိုင်လူကြီးများ
- Referee: Michael Oliver
- Assistants: Stuart Burt, Dan Cook
- Fourth official: Anthony Taylor
- VAR: John Brooks
- Assistant VAR: Simon Long
ဒီရာသီ ရုပ်အဆိုးဆုံးသော ပွဲစဉ်ဖြစ်ခဲ့တဲ့ စပါးပွဲက ဒိုင်နှစ်ဦးကို တနင်္ဂနွေနေ့ ပွဲကြီးအတွက် ပြန်ပြီး တာဝန်ပေးထားပေမယ့် ယခင်ပွဲကလို မှားယွင်းမှုတွေ ဖြစ်လာတာမျိုး မရှိဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။
လီဗာပူး vs မန်ယူနိုက်တက်ပွဲကို တာဝန်ယူမယ့် ဒိုင်လူကြီး ၆ ဦးထဲက ၃ ဦးဟာ အာဆင်နယ် အခြေစိုက်တဲ့ မြောက်လန်ဒန်က ဒိုင်လူကြီးတွေပဲ ဖြစ်ပါတယ်။
ဗီလာကို ရှုံးတဲ့ပွဲမှာ လီဗာပူးမြို့မှာ တက္ကသိုလ်တက်ဖူးသူကို ကွင်းလယ်ဒိုင်အဖြစ် တာဝန်ပေးခဲ့တယ်လို့ မကျေမနပ်ဖြစ်နေတဲ့ အာဆင်နယ်ပရိသတ်တွေ အနေနဲ့ သူတို့အပိုင်းက ဒိုင် ၃ ဦးတောင် ပါတာအတွက် ကျေနပ်နေကြမယ် ထင်မိပါတယ်။