လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့မှာ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲကောင်း ယှဉ်ပြိုင်ကစားဖို့ ရှိနေပေမယ့် အဲ့မတိုင်ခင် ယူရိုပါလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲကို ယှဉ်ပြိုင်ရဦးမှာပါ။
ယူရိုပါလိဂ်မှာ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်ကို တက်ရောက်ထားပြီဖြစ်တဲ့ အသင်းဟာ ဘယ်ဂျီယံကလပ် ယူနီယံစိန့်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲကိုတော့ အရန်ကစားသမား အများအပြားနဲ့ပဲ ပွဲထွက်သွားဖွယ် ရှိပါတယ်။
အသင်းသား ၂၃ ဦး လိုက်ပါသွားတဲ့ ဘယ်ဂျီယံ ဒီခရီးစဉ်မှာ အယ်လီဆန်၊ ဗန်ဒိုက်၊ ဆာလာနဲ့ ထရန့်လို အဓိက ကစားသမားတွေကို ခေါ်ယူသွားခဲ့ခြင်း မရှိပါဘူး။ ကိတ်ဂေါ်ဒန်၊ လုခ်ချမ်ဘာ၊ စကန်လွန်၊ မက်ကော်နယ်၊ တွမ်ဟေး၊ ကူးမက်စ်၊ ဗန်ဒုတ်နဲ့ ဘရတ်ဒလေတို့တော့ လိုက်ပါသွားခဲ့ပါတယ်။
— Liverpool FC (@LFC) December 13, 2023
ယူနိုက်တက်ထက် နားရက် ၂ ရက်လျော့နည်းမှာ ဖြစ်တာကြောင့် နည်းပြကလော့ပ်က သူ့ရဲ့ ပွဲထွက်လူစာရင်းကို ပါးပါးနပ်နပ် ရွေးချယ်နိုင်ဖို့ လိုအပ်ကြောင်း နားလည်ထားပါလိမ့်မယ်။ ဒါကြောင့်ပဲ ပွဲကြိုမှာ အသင်းသား ၂၇ ဦးနဲ့ ကွင်းဖွင့် လေ့ကျင့်ခဲ့ပေမယ့် အဓိက ကစားသမား ၄ ဦးကို ချန်ထားခဲ့တာ ဖြစ်ပါတယ်။
စီနီယာကစားသမားတွေဖြစ်တဲ့ မက်ကယ်လစ္စတာနဲ့ ဂျိုတာတို့ကလည်း ဒဏ်ရာကြောင့် အနားယူနေရဆဲဖြစ်ကာ ရော်ဘတ်ဆန်၊ သီယေဂိုတို့ကတော့ ၂၀၂၄ မှ ဘောလုံးပြန်ကစားနိုင်ပါလိမ့်မယ်။
ဘယ်ဂျီယံကို လိုက်ပါသွားတဲ့ ကစားသမားများစာရင်း
ဂိုးသမား – ကလယ်ဟာ၊ ပီတာလူးဂါ၊ မရိုးဇက်။
ခံစစ် – ကွမ်းဆက်၊ ကိုနတေး၊ ဂိုးမက်စ်၊ ကိုစတက်၊ ဘရတ်ဒလေ၊ ချမ်ဘာ၊ စကန်လွန်။
ကွင်းလယ် – ဂရာဗင်ဘက်ချ်၊ ဆိုဘိုစလိုင်၊ ဂျုံး၊ အန်ဒို၊ ဟာဗေး၊ မက်ကော်နယ်၊ ဟေး။
တိုက်စစ် – ဂက်ပို၊ ဒီယက်ဇ်၊ ဒါဝင်၊ ဗန်ဒုတ်၊ ဂေါ်ဒန်၊ ကူးမက်စ်။