ယူနိုက်တက်က တစက်မှ အသုံးမကျတဲ့ အသင်းပါ ဆိုတဲ့ ခေါင်းကြီးသတင်းတွေအား ဝေဖန်လိုက်တဲ့ နည်းပြကလော့ပ်

မန်ချက်စတာ ယူနိုက်တက်ဟာ ဒုက္ခတွေ များနေတာမို့ ဒီအပတ် လီဗာပူးပွဲကို ရှုံးသွားဦးမှာပါပဲလို့ မီဒီယာတွေက ဖော်ပြနေခြင်းအပေါ် သာယာမနေဖို့ နည်းပြကလော့ပ်က သတိပေးလာပါတယ်။

နိုဝင်ဘာလရဲ့ အကောင်းဆုံး နည်းပြ၊ အကောင်းဆုံး ကစားသမား၊ အကောင်းဆုံး သွင်းဂိုးတွေကို ယူနိုက်တက်တို့ ပိုင်ဆိုင်ခဲ့တာဖြစ်ကာ ပွဲအများစုမှာ သူတို့အသင်းက နိုင်ပွဲတွေ ရယူထားတာပါ။ ဒီလို အသင်းတစ်သင်းကို ဘာမှ အစွမ်းမရှိတဲ့ အသင်းတစ်သင်း အဖြစ် ပုံဖော်နေခြင်းအား နည်းပြကလော့ပ်က သဘောမကျပါဘူး။

“ ကျနော်တို့ပွဲ မတိုင်ခင်မှာ ယူနိုက်တက်ဟာ တစက်ကလေးမှ အသုံးမကျတဲ့ အသင်းပါ ဆိုတဲ့ ခေါင်းကြီးသတင်းတွေကို မကြိုက်ပါဘူး။ ဒီလိုပွဲက ကိစ္စတွေ အားလုံး ပြန်ပြီး မှန်ကန်သွားအောင် လုပ်နိုင်မယ့်ပွဲဖြစ်ပါတယ်။

ယူနိုက်တက်မှာ ဘာပြဿနာတွေ ရှိနေတယ်ဆိုတာကို သိရဖို့ ကျနော် လိုက်ပြီး တီးခေါက်မနေဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့လ တစ်လတာ အကောင်းဆုံး မန်နေဂျာဆုကို အဲရစ် တန်ဟက် ရခဲ့တာကို ကျနော် သိပါတယ်။ အရင်လတုန်းက ယူနိုက်တက်ဟာ ရလဒ်ကောင်းတွေ ယူနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။

ဘယ်လိုလုပ်ပြီး သူတို့ရဲ့ ကိစ္စတိုင်းက မှားယွင်းသွားနိုင်မှာလဲ? ကျနော်တော့ ဝေဖန်ချက်တွေကို နားမလည်ပါဘူး ” လို့ ကလော့ပ်က ပြောဆိုခဲ့တာပါ။

မနှစ်ကရာသီမှာ လီဗာပူးအသင်းက ယူနိုက်တက်ကို ၇-၀ ဖြင့် သမိုင်းဝင် နိုင်ပွဲ ရယူခဲ့ပါတယ်။ ဒီလို ဂိုးပြတ် နိုင်ပွဲဟာ ပွဲတိုင်း ရယူဖို့ မလွယ်ကူသလို ဒီအရှက်ရစရာ ရလဒ်ကြောင့် ဒီရာသီ ယူနိုက်တက် ရှုံးသွားမယ်လို့ မဆိုလိုပါဘူး။

“ မနှစ်က ၇-၀ နဲ့ အနိုင်ရခဲ့တာက မထင်ထားတဲ့ ရလဒ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဘဝမှာ တစ်ကြိမ်ပဲ ရနိုင်လောက်တဲ့ ရလဒ်မျိုးပါ။ ဒီရလဒ်ဟာ နောက်ပွဲမှာတော့ ၇-၀ နဲ့ နိုင်ခဲ့တဲ့ အသင်းထက် ရှုံးခဲ့တဲ့ အသင်းအတွက်ပဲ ပိုပြီး အကူအညီဖြစ်ပါလိမ့်မယ်။

ကျနော်တို့ကတော့ လီဗာပူးဘောလုံးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အန်ဖီးမှာ သမိုင်းဝင် ပြိုင်ဘက်ကို ရင်ဆိုင်ပြီး ဘောလုံးကစားဖို့ပဲ တွေးထားရပါမယ်။ အဲ့တာနဲ့တင် ဒီပွဲက ထူးရှယ် ပွဲတစ်ပွဲ ဖြစ်နေရပါမယ်၊ ကျနော်တို့ ပွဲကောင်းတစ်ပွဲ ကစားရမှာကို နားလည်ထားရမယ်၊ အစွမ်းကုန် ပေးဆပ်ရမယ်၊ ဒါပဲလိုပါတယ် ” လို့ ကလော့ပ်က သတိပေးခဲ့ပါတယ်။

လီဗာပူးနဲ့ ယူနိုက်တက်တို့ အန်ဖီးမှာ နောက်ဆုံးတွေ့ထားတဲ့ ၅ ကြိမ်အတွင်း လီဗာပူးက ၄ ကြိမ် အနိုင်ရထားခဲ့ပြီး ဒီတစ်ခါလည်း သေချာပေါက် အနိုင်ရဖို့ လိုအပ်မှာ ဖြစ်ပါတယ်။