ပွဲကြပ်ကာလမှာ အသင်းကို ကူညီပေးဖို့ အန်ဖီးနဲ့ လီဗာပူး အားပေးသူတွေအား ဆင့်ခေါ်လိုက်တဲ့ ယာဂင်

လီဗာပူးအသင်းဟာ ဒီအပတ် တနင်္ဂနွေနေ့မှာ ပရိသတ် ၅၇၀၀၀ တက်ရောက် အားပေးမှုနဲ့အတူ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်၊ အာဆင်နယ်၊ ဝက်စ်ဟမ်းနဲ့ နယူးကာဆယ်တို့လို အသင်းကောင်းတွေကို ဆက်တိုက် ဧည့်ခံရမယ့် အချိန်မှာ အန်ဖီးကွင်းရဲ့ Anfield Road Stand ကို ချိန်သားကိုက် သုံးခွင့်ရလာတာ ဖြစ်ပါတယ်။

ဒီရာသီ အိမ်ကွင်းပွဲစဉ် ၁၁ ပွဲလုံးကို အနိုင်ရဖို့ရာ အန်ဖီးကွင်းနဲ့ ပရိသတ်တွေက သိပ်ကို အရေးပါခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ ဘောလုံးရာသီကို အဆုံးအဖြတ် ပေးသွားနိုင်တဲ့ ပွဲကြပ်ကာလမှာ အန်ဖီးကွင်းမှ ပရိသတ်တွေထံကနေ အားပေးမှုကောင်းတွေ ပံ့ပိုးပေးကြဖို့ ကလော့ပ်က တောင်းဆိုလာပါတယ်။

“ ကျနော်တို့ အဝေးကွင်းတွေ သွားမကစားရရင် ပိုကောင်းပါတယ်။ ကျနော်တို့ရဲ့ ကျောဘက်မှာ အန်ဖီးကွင်းကြီးသာ ရှိနေပေးရင် ပိုကောင်းကောင်းလုပ်နိုင်မှာ သိပ်သေချာတာပေါ့ဗျာ။

ကျနော်တို့ အန်ဖီးကို လိုတယ်။ အန်ဖီးကို ကျနော်တို့ လိုအပ်တယ်ဆိုတာ သိပ်ကို သေချာပါတယ်။ ကျနော်တို့တွေဟာ ဒီကာလတွေအတွင်း ပွဲကြီးတွေကို ရင်ဆိုင်ကစားရမှာပါ။

ယူနိုက်တက်နဲ့ အာဆင်နယ်တို့ကို ရင်ဆိုင်ရမယ့် အမှတ်ပေးပွဲ၊ ဝက်စ်ဟမ်းနဲ့ ကွာတားဖိုင်နယ်ပွဲနဲ့ Boxing Day မှာ ကစားရမယ့် ဘန်လေပွဲ အားလုံးက ပွဲကြီးတွေပါပဲ။

ဒီပွဲတွေ အားလုံးကို အဝေးကွင်း သွားကစားရမှာထက် အိမ်ကွင်းမှာ ကစားရတာက ပိုကောင်းပါတယ်။ အားလုံးက စမ်းသပ်မှုကြီးတွေ ဖြစ်လာပါလိမ့်မယ် ” လို့ ကလော့ပ်က ပြောခဲ့ပါတယ်။

ဆက်ပြီးလည်း “ ဘောလုံးရာသီရဲ့ အရေးကြီးကာလ ဖြစ်ပါတယ်။ ၃ ရက်တစ်ပွဲ ဆက်တိုက် ကစားရမှာက ခက်ခဲပါတယ်။ ကျနော်တို့ ကျော်ဖြတ်နိုင်ရပါမယ်။ ဒဏ်ရာ ပြဿနာတွေလည်း ရှိထားပြီး ဘယ်သူတွေကို ရွေးချယ်လို့ရမလဲ ကြည့်ရပါမယ်။ နိုင်ပွဲတွေ ရယူနိုင်ဖို့ နည်းလမ်းရှာနိုင်ရပါမယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။