

တနင်္ဂနွေနေ့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့်ပွဲကို စောင့်မျှော်နေပြီး မနှစ်က နာကျင်မှုကို လက်စားချေဖို့ရာ မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်က စိတ်အားထက်သန်နေပါတယ်။
” မနှစ်ကရလဒ်က အတိတ်မှာ ကျန်ခဲ့ပါပြီ။ အနာဂတ်ကို ကျနော်တို့ ပြောင်းလဲပစ်နိုင်ပါတယ်။ ဒီအပတ်ပွဲက ပွဲသစ်တစ်ပွဲ ဖြစ်ပါတယ်။ မနှစ်တုန်းကလည်း ကျနော်တို့က သူတို့ကွင်းမှာ ကစားဖို့ ကြောက်နေခဲ့တာမျိုး မရှိပါဘူး။ ဆိုးရွားတဲ့ အတွေ့အကြုံတွေ ရခဲ့ပေမယ့် အကြိမ်တိုင်း ဆိုးနေမှာ မဟုတ်ပါဘူး။
မနှစ်တုန်းကဆိုရင် ပထမပိုင်းမှာ ကျနော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တာပါ။ ဒုတိယပိုင်းရောက်မှ ထိခိုက်နာကျင်မှုတွေ ဖြစ်သွားခဲ့တာပါ။ ဒီတစ်ကြိမ်တော့ အဲ့လို မဖြစ်လာနိုင်တော့ပါဘူး ” လို့ တန်ဟက်က ပြောပါတယ်။
မနှစ်တုန်းက အန်ဖီးကွင်းမှာ လီဗာပူးက ယူနိုက်တက်ကို ၇-၀ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့လို ရှုံးနိမ့်ခဲ့တာကြောင့်ပဲ ယူနိုက်တက်က အကောင်းမြင်စရာ သင်ခန်းစာတွေ ရရှိသွားတာမို့ ဒီပွဲမှာ အနိုင်ယူနိုင်လိမ့်မယ်လို့ တန်ဟက်က မြင်ပါတယ်။
နည်းပြတန်ဟက်က ” အန်ဖီးကွင်းကို ကျနော်တို့ ယုံကြည်မှုရှိရှိ သွားရမှာပါ၊ ပွဲအစကနေ အဆုံးထိ ယုံကြည်မှု ရှိရပါမယ်။ အဲ့ဒီမှာ ကျနော်တို့ တိုက်ခိုက်မယ်၊ စိန်ခေါ်မယ်။ အန်ဖီးကွင်းကို သွားရောက်တာ အနိုင်ရဖို့ ဖြစ်ပါတယ်။
အန်ဖီးကို သွားရမယ်ဆိုတာနဲ့ လူတိုင်းက အရမ်းကို စိတ်အားထက်သန်နေပါပြီ။ အဲ့တာက ကစားဖို့ရာ ကွင်းကောင်းပါ၊ ကစားရခက်ခဲပြီး ထိပ်တန်း ကစားသမားတိုင်းက ဒီလို စိန်ခေါ်မှုကို လိုချင်ကြတာပါ။
မနှစ်ကရာသီ ရလဒ်ကို ကျနော်တို့ရဲ့ မှတ်ဉာဏ်ထဲမှာပဲ ထားလိုက်ပါတော့မယ်။ ဒီရလဒ်ကနေ အကျိုးအမြတ်ကောင်း ရဖို့ရာ သင်ယူပြီး တနင်္ဂနွေနေ့မှာ သက်သေပြရမှာ ဖြစ်ပါတယ် ” လို့ ဆက်ပြောသွားတာ ဖြစ်ပါတယ်။
ပြိုင်ဘက်တွေက အန်ဖီးကွင်းကို အကြောက်တရားနဲ့ပဲ လာလာ မကြောက်တရားနဲ့ပဲလာလာ အသင်းဟာ ဇယားထိပ်မှာ ရှိနေတဲ့ အခြေအနေကို ဆက်ထိန်းနိုင်ရေး ဒီအပတ် ယူနိုက်တက်ပွဲကို အနိုင်ကစားဖို့ လိုအပ်မှာဖြစ်ပါတယ်။