

လီဗာပူးအသင်းဟာ ဇန်နဝါရီစျေးကွက်မှာ ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ညာကို ခေါ်ယူဖို့ ကြိုးစားသွားမှာ မဟုတ်ဘဲ မြင့်မားတဲ့ တောင်းဆိုခံရမှုတွေကြောင့် နောက်ဆုတ်သွားမှာပါ။
နွေတုန်းက ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ရေး မအောင်မြင်ခဲ့တဲ့ ပါလင်ညာဟာ ဒီဇန်နဝါရီမှာ အသင်းပြောင်းမယ် ဆုံးဖြတ်ထားကာ အင်္ဂလန်ကလပ် တစ်သင်းသင်းထံ ကူးပြောင်းနိုင်နေဆဲပါ။ လီဗာပူးက အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူကို ပေါင် သန်း ၄၀ ဝန်းကျင်ဖြင့် ခေါ်ယူနိုင်မလား စုံစမ်းနေခဲ့ပါတယ်။
ဒါပေမယ့်လို့ ပါလင်ညာအတွက် ကမ်းလှမ်းမှုကြီးတွေ ရရှိမယ်လို့ ယုံကြည်နေတဲ့ ဖူလ်ဟမ်ဘက်ကတော့ ပေါင် သန်း ၆၀ ထက် နည်းပါးတဲ့ ချိတ်ဆက်မှုတွေကို လက်ခံ စကားပြောမှာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ လီဗာပူးက ပေါ်တူဂီသားကို ဦးစားပေး ပစ်မှတ်အဖြစ်ကနေ ဖယ်ထုတ်လိုက်ပါတယ်။
ပါလင်ညာကို အာဆင်နယ်ကပါ ခေါ်ယူလိုနေပေမယ့် လန်ဒန်ကလပ်ကလည်း သူ့အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး မပေးလိုပါဘူး။ ကလပ်တွေ တွန့်ဆုတ်နေကြချိန် ခံစစ်ပိုင်း ယိုပေါက်တွေများနေတဲ့ မန်စီးတီးဟာ ပါလင်ညာကို ချိတ်ဆက်ဖို့ စိတ်ဝင်စားရိပ် ပြသလာပြီဖြစ်ပါတယ်။
လီဗာပူးအသင်း စိတ်ဝင်စားမှု ပြသဖူးတဲ့ အန်ဒရေးကတော့ ပါလင်ညာ နေရာ အစားထိုးဖို့ ဖူလ်ဟမ်ကို ဇန်နဝါရီမှာ ရောက်လာနိုင်ပါတယ်။ အသင်းဘက်က ဒေါက်ကလက် လူးဝစ်ကိုလည်း သဘောကျရိပ် ပြသပေမယ့် ဗီလာဘက်က ပေါင် သန်း ၁၀၀ ထိ တောင်းဆိုထားပါတယ်။
ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်မယ့် ၃ သင်းထံက ၁ သင်းအဖြစ် ပြန်တောက်ပလာနေတဲ့ လီဗာပူးဟာ ခံစစ်ပိုင်းနဲ့ ကွင်းလယ်ခံစစ်နေရာ အားနည်းမှု ရှိနေပြီး ဇန်နဝါရီမှာ လူစာရင်း အင်အားဖြည့်ရေးကို ရွေးချယ်ဖို့ ပရိသတ်တွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။