ဇယားထိပ်က ဆင်းပေးခဲ့ရခြင်း၊ အန်ဖီးကို အထင်မကြီးတဲ့ အိုနာနာ၊ ဝေဖန်ခံရတဲ့ ခြေစွမ်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

လီဗာပူး ၀-၀ ယူနိုက်တက် ပွဲစဉ်အပြီးမှာ အသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရာကို ဆင်းပေးခဲ့ရပြီး အာဆင်နယ်နောက် ၁ မှတ်လျော့ ဗီလာနဲ့ အမှတ်တူ ရမှတ် ၃၈ မှတ်ဖြစ်ပါတယ်။

ဒီအပတ် စနေနေ့ညမှာတော့ လီဗာပူးအသင်းဟာ ဇယားထိပ်က အာဆင်နယ်ကို အန်ဖီးကွင်းမှာပဲ ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အိမ်ကွင်းမှာ ယူနိုက်တက်ကို အနိုင်မရခြင်းကို စိတ်ပျက်မိပြီး ဒီစိတ်ခံစားမှုကနေ ရုန်းထွက်ဖို့ မိနစ် အနည်းငယ် အချိန်ယူခဲ့တယ်လို့ ကလော့ပ်က ဝန်ခံပါတယ်။

လီဗာပူးအသင်းသားတွေရဲ့ ပွဲအတွင်း ဆုံးဖြတ်ချက်တွေဟာ ဆိုးရွားခဲ့ပြီး အဲ့ထဲမှာ အဓိက ကစားသမားတွေရဲ့ ညံ့ဖျင်းမှုတွေလည်း ပါဝင်တယ်လို့ ကာရေဂါက ဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟက်က ဒီပွဲမှာ သူတို့ အခွင့်အရေးကောင်း ရခဲ့ပြီး နိုင်ခဲ့ရမှာ လို့ ပြောဆိုခဲ့ပါတယ်။

ဗန်ဒိုက်ကတော့ ပွဲထဲမှာ အနိုင်ရဖို့ ကြိုးစားခဲ့တာ တစ်သင်းပဲ ရှိပြီး ကျန်တစ်သင်းက သရေအတွက်ပဲ အားထုတ်သွားတာလို့ ပွဲအပြီး မှတ်ချက်ပေးပါတယ်။

ဗန်ဒိုက်ရဲ့ ပြောဆိုမှုဟာ ဘဝင်လေဟပ်လွန်းတယ်လို့ ရွိုင်ကိန်းက ပြန်လည် တုန့်ပြန်ခဲ့သလို တွဲဘက် အစီအစဉ် တင်ဆက်သူ စတားရစ်က ဗန်ဒိုက်ဘက်က ကာကွယ်ခဲ့တဲ့နောက် စကားစစ်ထိုးမှုတွေ ရှည်လျားခဲ့ပါတယ်။

ယူနိုက်တက် ဂိုးသမား အိုနာနာက အန်ဖီးကွင်းထံက ကြီးမားတဲ့ ဖိအားပေးမှုတွေ ဘာမှ မခံစားရပါဘူးလို့ ပွဲအပြီးမှာ မှတ်ချက်ပေးပါတယ်။

လုရှောရဲ့ လက်ထိမှုဟာ “natural position” ဖြစ်တယ်လို့ ယုံကြည်တာကြောင့် ကွင်းလယ်ဒိုင် အိုလီဗာက VAR ကြည့်ဖို့ ငြင်းပယ်ခဲ့တာလို့ သိရပါတယ်။

ဒါဝင်ဟာ နယူးကာဆယ်ကို အဝေးကွင်း ရင်ဆိုင်တဲ့ပွဲမှာ လူစားဝင် ကစားသမားအဖြစ် သွင်းဂိုး ၂ ဂိုး သွင်းယူပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲ ၁၂ ပွဲမှာ ၂ ဂိုးပဲ ရထားပါသေးတယ်။

လီဗာပူး သတင်းထောက်တွေကတော့ အသင်းဟာ ဒီနောက်ပိုင်းမှာ ခြေစွမ်း မကောင်းလှဘဲ ကံကောင်းမှုနဲ့ စိတ်ဓါတ်ကောင်းမှုတွေကြောင့် နိုင်ပွဲတွေ ရနေခဲ့ကြောင်း၊ ယူနိုက်တက်ပွဲမှာတော့ ဒါမျိုးတွေ မရှိချိန်မှာ အသင်းရဲ့ ရုန်းကန်ရမှုတွေ ပေါ်လွင်လာတယ်လို့ မှတ်ချက်ပေးပါတယ်။

ဂရာဗင်ဘက်ချ်ရဲ့ ဒဏ်ရာက ပြင်းထန်ခြင်း မရှိပေမယ့် ပွဲကြပ်ကာလမို့ ချက်ခြင်း လူစားလဲခဲ့တာပါ။ သူ့ရဲ့ အခြေအနေကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

မနေ့ကပွဲမှာ အန်ဖီးကွင်းအတွင်း ပရိသတ် ၅၇၁၅၈ ဦး ဝင်ရောက်ခဲ့ပြီး ဒါဟာ အသင်းရဲ့ အမှတ်ပေးလိဂ် သမိုင်းမှာ တတိယ လူဝင်မှု အများဆုံး ပွဲစဉ် ဖြစ်လာခဲ့ပါတယ်။