

လီဗာပူးအသင်းဟာ ဒီတလောမှာ နိုင်ပွဲတွေ ဆက်နေပေမယ့် ခြေစွမ်းက အကောင်းကြီး မဟုတ်ခဲ့ဘဲ အသင်းရဲ့ ဖန်တီးနိုင်စွမ်း အားနည်းမှုဟာ ဒီပွဲမှာ ထိခိုက်မှု ဖြစ်စေခဲ့တာပါလို့ TIA ကနေ David Lynch က ထောက်ပြသွားပါတယ်။
ဖူလ်ဟမ်၊ ရှက်ဖီးနဲ့ ပဲလေစ့်တို့လို အလယ်အလတ် အသင်းတွေကို ရင်ဆိုင်ရာမှာ အသင်းက ၉ မှတ် အပြည့် ရခဲ့ပေမယ့် ခြေစွမ်းပိုင်း လျော့ရဲမှု များခဲ့ပါတယ်။ နောက်ကျဂိုးတွေကြောင့် အနိုင်ရခဲ့ပေမယ့် ချန်ပီယံခြေစွမ်း မရှိခြင်းကြောင့် အဲ့ပွဲတွေမှာတည်းက သုံးသပ်ခံခဲ့ရတာပါ။
စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်ဘဲ အခွင့်အရေး ဖန်တီးနိုင်စွမ်း နည်းပါးခြင်း၊ အဆုံးသတ်ပိုင်းတွေ ပျော့ညံ့ခြင်းဟာ ယူနိုက်တက်ကို ရင်ဆိုင်ရာမှာတော့ သိသာခဲ့ပါတယ်။
David Lynch က ” လီဗာပူးက ယူနိုက်တက်လို ဆိုးရွားနေတာမျိုး မဟုတ်ဘူး။ ဒါပေမယ့် ဒီပွဲမှာ သူတို့ အကောင်းဆုံး ကစားပြဖို့ မျှော်လင့်ခံရချိန် ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပိုပြီး တည်ငြိမ်စွာနဲ့ သေသေသပ်သပ် ကစားနိုင်ဖို့ လိုအပ်ခဲ့ပါတယ်။
ဒီအပတ်တွေအသင်းမှာ အသင်းက စစ်မှန်စွာ ဖန်တီးနိုင်စွမ်း နည်းပါးပေမယ့် ကံကောင်းမှုတွေကြောင့် ရလဒ်ကောင်းတွေကို ဆက်တိုက် ယူနိုင်နေခဲ့ပါတယ်။ အခွင့်အလမ်းတွေကို သေချာ မဖန်တီးနိုင်ပေမယ့် နိုင်ပွဲတွေ ရဖို့ရာ လုံလောက်တဲ့ ဂိုးတွေတော့ သွင်းနိုင်နေခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ယူနိုက်တက်ကို ရင်ဆိုင်ရတဲ့ ပွဲမှာတော့ အဲ့လို မလုပ်နိုင်ဘဲ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ဒီလို ရလဒ်ထိခိုက်မှုကပဲ မန်စီးတီး ခြေချော်တာကို အခွင့်အရေး မယူနိုင်ခဲ့တာတင် မကဘဲ အာဆင်နယ်တို့ ကျော်တက်သွားခြင်းကိုပါ ရင်ဆိုင်ခဲ့ရပါတယ် ” လို့ ထင်မြင်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် အာဆင်နယ်ကို အန်ဖီးကွင်းမှာ ဧည့်ခံရမှာဖြစ်ကာ ပိုကောင်းမွန်တဲ့ ပိုတည်ငြိမ်တဲ့ စွမ်းဆောင်ရည် ပြသဖို့ လိုအပ်လာနေပြီ ဖြစ်ပါတယ်။