လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား ရနိုင်ချေ ဘယ်လောက်ရှိလဲ မော်ရင်ညိုရဲ့ ခန့်မှန်းချက်

ဒီရာသီ ပရီးမီးယားလိဂ်ကို ကလပ်အသင်း အများကြီးက ပြိုင်ဆိုင်နိုင်စွမ်း ရှိလာတာမို့ ရာသီဝက်မှာတင် ဘယ်အသင်း ချန်ပီယံဖြစ်မယ်ဆိုတာ ခန့်မှန်းရ မလွယ်ပါဘူး။

တချိန်က စပယ်ရှယ်ဝမ်းအဖြစ် ထင်ရှားခဲ့တဲ့ ပရီးမီးယားလိဂ် နည်းပြဟောင်း မော်ရင်ညိုကတော့ ချန်ပီယံဖြစ်မယ် သူထင်တဲ့ အသင်း ၂ သင်း ရှိကြောင်း ထုတ်ပြောသွားပါတယ်။ မော်ရင်ညိုဟာ ချယ်ဆီး၊ ယူနိုက်တက်နဲ့ စပါးအသင်းတွေကို ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဖလား ဘယ်အသင်းရမယ် ထင်မိလဲ မေးခံရမှုအတွက် မော်ရင်ညိုက “ မန်စီးတီးက 51% ရှိပြီး လီဗာပူးက 49% ဖြစ်ပါတယ် ” လို့ ထင်မြင်ချက် ပေးပါတယ်။

ဇယားထိပ်မှာ ဦးဆောင်ကလပ် တစ်သင်းဖြစ်တဲ့ အာဆင်နယ်ကို မော်ရင်ညိုက ထည့်မတွက်ပါဘူး။ အာဆင်နယ်ကို ချန်ပီယံ မဖြစ်ဘူးလို့ ခန့်မှန်းခဲ့တာ စပါးအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးတာကြောင့်လား ထပ်မေးခံခဲ့ရတယ်။

မော်ရင်ညိုက ” မဟုတ်ပါဘူး။ ဒါက ပြိုင်ဘက်ဖြစ်ခဲ့တာနဲ့ မဆိုင်ပါဘူး၊ မှန်ကန်တဲ့ အခိုက်အတန့်လား? ဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ်။ ပြိုင်ဘက်ဖြစ်ခဲ့တာကို ဘေးဖယ်ထားရင်တော့ အာဆင်နယ်ကို ကျနော် ချန်ပီယံဖြစ်စေချင်တယ်။

ချယ်ဆီးနဲ့ ယူနိုက်တက်ကတော့ ထည့်ကို တွက်ရမယ့် အသင်းတွေ မဟုတ်ဘူးလေ။ ဒီတော့ ချန်ပီယံဖြစ်နိုင်တဲ့ ၃ သင်းထဲမှာ အာဆင်နယ် ရသွားရင်တော့ ကျနော် ပျော်ပေးမှာပါ။ ဒါပေမယ့် မန်စီးတီးကိုပဲ ရေပန်းအစားဆုံး ထားရတာက သူတို့မှာ နှစ်သင်းစာ ကစားသမားတွေ ရှိနေလို့ပါ ” ဆိုပြီး ဖြေပေးခဲ့ပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာ အာဆင်နယ်က ၃၉ မှတ်ဖြင့် ထိပ်ဆုံးက ရှိနေပြီး လီဗာပူးနဲ့ အက်စတွန်ဗီလာက ၃၈ မှတ်၊ မန်စီးတီး ၃၄ မှတ်တွေ ရထားတာ ဖြစ်ပါတယ်။