ဟာလန်းတုန်းက ကြိုးစားမှုလို့ ကာကွယ်ခဲ့တဲ့ ဒိုင်လူကြီးဟောင်းက ဂျိုတာ အနီကဒ် ရသင့်တာလို့ ဆို

စပါးနဲ့ပွဲက ဒီယိုဂို ဂျိုတာရဲ့ အနီကဒ် ဖြစ်နိုင်ခြေအပေါ် သုံးသပ်ချက်ခဲ့တဲ့ ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း ဒါမော့ ဂယ်လာဂါရဲ့ လိုတမျိုး၊ မလိုတမျိုး မမျှတပုံကြောင့် လီဗာပူးပရိသတ်တွေ စိတ်ပျက်ဒေါသထွက်ခဲ့ရပါတယ်။

ဘောလုံးကို လုဖို့ ကြိုးစားရင်း ဂျိုတာဟာ သူ့ဖိနပ်နဲ့ အိုလီဗာစကစ်ရဲ့ခေါင်းကို ကန်မိခဲ့တာဖြစ်ပြီး အဲ့ပြစ်ဒဏ်အတွက် အဝါကဒ် ပြသခံခဲ့ရပါတယ်။ ဒိုင်လူကြီးဟောင်း ဂယ်လာဂါက ဂျိုတာကို အနီကဒ် ပေးသင့်ကြောင်းကို ဆွေးနွေးသွားခဲ့တာပါ။

“ ဒီဖြစ်ရပ်ကို အနီကဒ်ပြလိုက်ရင် ဂျိုတာအနေနဲ့ စောဒက တက်လို့မရနိုင်ခဲ့ပါဘူး။ စကစ်က ခေါင်းထိုးဝင်လိုက်တာ မှန်ပါတယ်။ စကစ်က ဂျိုတာရဲ့ နေရာထဲ ကျူးကျော်ဝင်လာတာလို့ ငြင်းကြတယ်။ ဒါပေမယ့် ဂျိုတာကရော သူ့ခြေထောက်ကို အဲ့လောက် အမြင့်ကြီး မြှောက်ဖို့ လိုလို့လား။ မလိုလောက်တာ သေချာပါတယ်”လို့ ဂယ်လာဂါက ပြောပါတယ်။

ဩဂုတ်လတုန်းက ပဲလေ့စ်ကို မန်စီးတီးက ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲအတွင်း ဂျိုတာလိုပဲ ဟာလန်းဟာ ဘောလုံးလုဖို့ ကြိုးစားရင်းနဲ့ ပဲလေ့စ်ဗဟိုနောက်ခံလူ အန်ဒါဆန်ကို ဖိနပ်နဲ့ ကန်မိခဲ့တာဖြစ်ပါတယ်။ အဲ့တုန်းကတော့ နော်ဝေသားဟာ ဘာပြစ်ဒဏ်မှ သတ်မှတ်မခံခဲ့ရပါဘူး။

အဲ့ဒီ့တုန်းက ဂယ်လာဂါက ဟာလန်းကို ထုတ်ပယ်သင့်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းဆန်ခဲ့တယ်။ ဟာလန်းရဲ့ စိန်ခေါ်မှုနဲ့ ပတ်သက်ပြီး ၎င်းက “ဒါကို အနီကဒ်လို့ ကျွန်တော်မထင်ဘူး။ ကစားသမားတစ်ယောက်က ဘောလုံးရဖို့အတွက် ရိုးရိုးသားသား ကြိုးစားတာပါ။ အန်ဒါဆန်က ဝင်လာတာလေ။ သူဝင်လာတာကို ဟာလန်း မမြင်လိုက်လို့ပါ။

ဒိုင်လူကြီးအနေနဲ့ ဒါကို ဖရီးကစ်နဲ့ အဝါကဒ်ပေးရင် လုံလောက်ပါတယ်။ ဒါက မဆင်မခြင် လုပ်ရပ်မျိုး ဖြစ်ပေမယ့် ပြိုင်ဘက်ကစားသမားတွေကို နာကျင်စေမယ့် အန္တရာယ်မျိုး မရှိဘူး ” လို့ ကာကွယ်ပြောဆိုပေးခဲ့တာပါ။

လီဗာပူးပရိသတ်တွေဟာ ဂယ်လာဂါရဲ့ တုံ့ပြန်မှုနှစ်ခုကို နှိုင်းယှဉ်ပြီးတော့ အသင်းတစ်သင်းနဲ့တစ်သင်းကို သတ်မှတ်တဲ့ စည်းမျဉ်းတွေက မတူဘူးလားလို့ မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။