

လီဗာပူး ကစားသမားဟောင်း ဒီဒီဟာမန်းက ကလပ်ရဲ့ လက်မှတ်ထိုး ခေါ်ယူမှု အသစ်တွေအပေါ် သူ ကျေနပ်မိကြောင်း ပြောဆိုခဲ့ပေမယ့် စိတ်ပူမှု တစ်ခုကိုလည်း ဖွင့်ဟသွားပါတယ်။
မာကာ၊ ဆိုဘို၊ အန်ဒိုနဲ့ ဂရာဗင်ဘက်ချ်တို့ကို ကွင်းလယ် အားဖြည့်ရေးအတွက် ဒီနွေမှာ ခေါ်ယူခဲ့တာပါ။ သူတို့ အားလုံးက ထိုက်သင့်သလောက်တွေ ခြေစွမ်း ပြသထားနိုင်ပြီး ဒီရာသီ လီဗာပူးအသင်း အမှတ်ပေးဇယား ထိပ်ပိုင်းတွေနား ပြန်ရောက်လာဖို့ ကူညီပေးထားပါတယ်။
ဒါပေမယ့်လို့ မနှစ်ကရာသီ ပေါင် ၈၅ သန်းပေးပြီး ခေါ်ယူထားတဲ့ ဒါဝင်ထံကတော့ အားလုံး မျှော်လင့်နေသလို ထူးချွန်တဲ့ သွင်းဂိုးတွေ မမြင်ထားရပါဘူး။ ဒီရာသီ ပရီးမီးယားလိဂ်ဂိုး ၄ ဂိုးပဲ ရထးတဲ့ ဒါဝင်ဟာ အောက်တိုဘာလအကုန် လောက်က စလို့ ဂိုးပေါက် ပျောက်နေခဲ့ပါတယ်။
ယူနိုက်တက်နဲ့ ပွဲအပြီးမှာ ဟာမန်းကပဲ ” ကျနော်ကတော့ အန်ဒိုကို ကြိုက်တယ်။ ဂျာမနီမှာတည်းက သူကစားတာကို အများကြီး မြင်ဖူးတယ်။ အရင် ၂ ပတ်လောက်ပဲ သူ သွင်းဂိုးကောင်း ရခဲ့သေးတာဆိုတော့ ပရီးမီးယားလိဂ်မှာ သူအံ ဝင်လာနေတယ် ထင်မိပါတယ်။
ဆိုဘိုစလိုင်ကလည်း အစကောင်းထားပေမယ့် ဒီတလောတော့ သိပ် မလုပ်ပြနိုင်ပါဘူး။ ဂရာဗင်ဘက်ချ်က အစွမ်းအစရှိတဲ့ ကစားသမားပါ။ လီဗာပူးက မက်ကယ်လစ္စတာကို လွမ်းနေရတယ် ထင်ပါတယ်။ အခုချိန်မှာတော့ သူက လီဗာပူးရဲ့ အကောင်းဆုံး ကွင်းလယ်လူပါပဲ။
နူးညက်စ်ကတော့ ပြဿနာကြီးတွေ ရှိနေတယ်လို့ ကျနော် ထင်မိပါတယ်။ နယူးကာဆယ်ပွဲမှာ သူ ဂိုးသွင်းနိုင်ခဲ့တော့ ဒီရာသီ သူ လုပ်ပြနိုင်တော့မယ်၊ အားလုံး မျှော်လင့်ထားတဲ့ တိုက်စစ်မှူးမျိုး ဖြစ်လာတော့မယ်လို့ ကျနော် တွေးထင်မိတော့တာပေါ့။
နယူးကာဆယ်ပွဲမှာ ဂိုးတွေရပြီးတဲ့နောက် နူးညက်စ်က ၁ ဂိုး၊ ၂ ဂိုးပဲ ထပ်ရတော့တယ် ထင်တယ်။ သူ့ရဲ့ ခြေစွမ်းက စိတ်ပူစရာပါပဲ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးတိုက်စစ်ဟာ ဆာလာအပေါ်မှာ လုံးလုံးလျာလျာ မှီခိုနေရတာဖြစ်ပြီး ဆာလာ ခြေစွမ်း မပြနိုင်ရင် တိုက်စစ်ကလည်း ဘာမှ လုပ်ပြနိုင်ခြင်း မရှိတဲ့အပေါ် ထောက်ပြမှုတွေလည်း ဆက်တိုက် ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။