

တိုက်စစ်မှူး ဒါဝင် နူးညက်စ်ထံက မထင်မှတ်ထားတဲ့ အခိုက်အတန့်မျိုးတွေ နယူးကာဆယ်ပွဲမှာ မြင်ခဲ့ရတဲ့နောက် အားလုံးက သူ့ကို စောင့်ကြည့်လာပေမယ့် ပြိုင်ပွဲစုံ ၁၀ ပွဲဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေပါတယ်။
လူတိုင်းက ဒါဝင်ရဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကို ဆက်တိုက် ထောက်ပြနေပြီး သူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တိုင်ထိမှု အများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးက ရှိနေတာ ဖြစ်ပါတယ်။
ဂိုးတွေ သိပ်ပြီး မရပေမယ့် ဒါဝင်ဟာ နယ်မြေသစ်မှာ အထိုင်ကျလာကာ လီဗာပူးပွဲတွေမှာ ပိုပြီး အသားကျလာနေကြောင်း ကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။
ယာဂင်ကပဲ ” မနှစ်က ဒါဝင်နဲ့ ဒီနှစ် ဒါဝင်ကြားမှာ အကြီးမားဆုံး ခြားနားမှုက လူပုဂ္ဂိုလ် အနေနဲ့ သူက အတော်လေးကို အထိုင်ကျလာနေပါပြီ။ ဖူလ်ဟမ်ပွဲက ဥပမာကောင်းပါပဲ။ သူ ကိစ္စတွေကို မှန်မှန်ကန်ကန် လုပ်ပေမယ့် ဂိုးမဝင်ခဲ့ဘူး၊ နောက်ထပ် ကြိုးစားမှုတွေမှာ ဘားတန်းထိခဲ့တယ်။
ဒါဝင်မှာ အခိုက်အတန့်ကောင်းတွေ ရှိပါတယ်၊ ကျနော်တို့ရဲ့ တတိယဂိုးမှာ သူက မိုကို ခေါင်းတိုက်ချပေးပြီး မိုက တစ်ဆင့် ဝါတာရုက ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါဝင်က ပွဲတွေမှာ ပါဝင်ပေးနေပြီး အကောင်းမြင်စရာ အခြေအနေ ဖြစ်ပါတယ် ” လို့ ပြောပြပါတယ်။
သွင်းဂိုးတွေအတွက် ဒါဝင်က ကိစ္စ အများကြီးမှာ အားထုတ်ပြဖို့ လိုအပ်နေတာမျိုး မဟုတ်ဘူးလို့ နည်းပြက မြင်ပါတယ်။ နောက်ဆုံး ထိချက်တွေကို ပိုကောင်းကောင်း လုပ်လာနိုင်ရင် ဒါဝင် ဂိုးတွေရလာမှာပါလို့ နည်းပြကလော့ပ်က ထောက်ပြခဲ့ပါတယ်။
” လီဗာပူးကစားသမားဘဝ အစပိုင်းမှာ ဒါဝင်က မလုပ်သင့်တဲ့ ရန်လိုမှုတွေကြောင့် အထိုင်မကျဖြစ်ခဲ့ရတယ်။ အဲ့ဖြစ်ရပ်နောက်ပိုင်း သူ အတော်လေး တည်ငြိမ်လာပါတယ်။ တိုက်ခိုက်လိုမှုကိုလည်း မှန်ကန်တဲ့ နည်းလမ်းနဲ့ သုံးလာနိုင်တယ်။
သူကစားနေတဲ့ အခြေအနေကို ကျနော်တော့ တကယ်ပဲ ပျော်ရွှင်မိပါတယ်။ ကျန်တာတွေက လာမှာပါ။ သူနဲ့ပတ်သက်ပြီး ကျနော်တို့ အေးဆေးပါပဲ။
ဒါဝင်က ဂိုးတွေ အများကြီး သွင်းနိုင်မှာလားဆိုရင် သွင်းနိုင်မှာပါ။ သူဂိုးသွင်းဖို့ ကိစ္စတွေ အများကြီး ဖြေရှင်းရမှာ မဟုတ်ပါဘူး။ သူက အတော်များများကို လုပ်နိုင်နေပါပြီ။ အခုချိန်မှာ နောက်ဆုံး ထိချက်အတွက် ကြိုးစားဖို့ပဲ လိုနေတာ ဖြစ်ပါတယ် ” လို့ နည်းပြကြီးက မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။