ပရိသတ်တွေကို သတိပေးတဲ့ ကလော့ပ်၊ ချီးကျူးခံရတဲ့ ဂျုံး၊ ခြေကောင်းပေမယ့် ဖိုးကံဆိုးလေး ဒါဝင်နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းကို ၅-၁ ဖြင့် အနိုင်ရတဲ့နောက် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

အသင်းအတွက် အဖွင့်ဂိုးကို ဆိုဘိုစလိုင်က အဝေးကန်ချက်ဖြင့် စတင် ရယူခဲ့တာဖြစ်ကာ ကာတစ်ဂျုံး (၂ ဂိုး)၊ ဂက်ပို၊ ဆာလာ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ အဓိက ကစားသမား အားလုံးဟာ ပွဲကစားချိန် ကိုယ်စီ ရခဲ့ပြီး ဒဏ်ရာ ပြဿနာ ရင်ဆိုင်ခဲ့ရခြင်း မရှိပါဘူး။

ဂက်ပိုက ပွဲစဉ်ရဲ့ အကောင်းဆုံးဆုအား ကာတစ်ဂျုံးကို ပေးအပ်ချိန်မှာ ” ဘယ်သူမှ မမြင်ကြပေမယ့် မင်းကြိုးစားအားထုတ်မှုကို နောက်ကွယ်မှာ ငါတို့ အားလုံး မြင်ပါတယ်။ ဂုဏ်ယူပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ဒါဝင် နူးညက်စ်ဟာ ဝက်စ်ဟမ်းပွဲမှာ ဂိုးကံခေခဲ့ပြန်ပေမယ့် အခွင့်အရေး ဖန်တီးမှု ၄ ကြိမ်၊ ဂိုးထောက်ပံ့မှု ၁ ကြိမ် အပါအဝင် အသင်းလိုက် အခြေအနေမှာ သူ့ရဲ့ ပါဝင်နိုင်စွမ်းတွေက ကောင်းမွန်မှု ရှိခဲ့ပါတယ်။ မနက်ကပွဲမှာ ဒါဝင် အတော်လေး ကောင်းခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာတော့ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းနဲ့ နှစ်ကျော့ ယှဉ်ပြိုင်ရမှာဖြစ်ကာ အနိုင်ရမယ့် အသင်းဟာ မက်ဒယ်ဘရော့ vs ချယ်ဆီးပွဲက အနိုင်ရမယ့် အသင်းနဲ့ ဗိုလ်လုရပါမယ်။

နည်းပြကလော့ပ်က ဒီတလော တိတ်ဆိတ်ငြိမ်သက်နေတဲ့ အန်ဖီးက လီဗာပူးပရိသတ်တွေကို ပြစ်တင်လိုက်ပြီး အာဆင်နယ်ပွဲမှာ အသင်းကို တွန်းအားကောင်းတွေ မပေးလိုရင် ကိုယ့်လက်မှတ်ကို အခြားသူ ပေးလိုက်ကြဖို့ တိုက်တွန်းပါတယ်။

လီဗာပူးနဲ့ အာဆင်နယ်ပွဲအတွက် ကွင်းလယ်ဒိုင်လူကြီး အဖြစ် Chris Kavanagh တာဝန်ယူမှာဖြစ်ပြီး VAR ဒိုင်တွေအဖြစ် David Coote နဲ့ Lee Betts တို့ ကိုင်တွယ်ပါမယ်။

ကွင်းလယ်လူ ကာတစ်ဂျုံးဟာ ဝက်စ်ဟမ်းပွဲမှာ သူ့ရဲ့ သွက်သွက်လက်လက် ကစားနိုင်စွမ်း အတွက် ချီးကျူးခံနေရကာ အာဆင်နယ်ပွဲမှာ ပွဲထွက်ကနေ ထုတ်သုံးဖို့ထိ ထောက်ခံမှု ရရှိနေပါတယ်။

ဝက်စ်ဟမ်းကို အနိုင်ရတဲ့ပွဲမှာ rating အကောင်းဆုံး ကစားသမားတွေထဲ ကာတစ်ဂျုံးနဲ့ ဟာဗေးတို့ ပါဝင်ခဲ့ကာ ဒီလူငယ် နှစ်ဦးဟာ မနှစ်က ဝေဖန်ခံရမှုတွေ အောက်ကနေ ဖောက်ထွက်ပြလာနေပြီလို့ ပရိသတ်တွေက အသိအမှတ် ပြုနေကြပါတယ်။

အာဆင်နယ် ဂိုးသမား ရာယာက အန်ဖီးကွင်းမှာ ခံစစ်ကနေ ဘောလုံးတည်ဆောက် ပြမယ်လို့ ဆိုပြီး သူ့နောက်က လီဗာပူးပရိသတ်တွေ ဖိအားပေးနေမှာကို ဂရုစိုက်မှာ မဟုတ်ဘဲ နိုင်ပွဲအတွက် အားထုတ်မယ်လို့ ကြွေးကြော်လာပါတယ်။