

မနက်က ဝက်စ်ဟမ်းအသင်းကို ၅-၁ နဲ့ အနိုင်ရတဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲအပြီးမှာ နည်းပြကလော့ပ်က အန်ဖီးကွင်းက ပရိသတ်တွေကို စိတ်ဓါတ်ပိုင်း တွန်းအားပေးမှု ပြုလုပ်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဒီရာသီ အန်ဖီးကွင်းမှာ ရလဒ်တွေ အတော်လေး ကောင်းမွန်ပေမယ့် ယူနိုက်တက်ကို ရင်ဆိုင်ရတဲ့ ပြီးခဲ့တဲ့ အပတ်ကပွဲမှာ ၀-၀ ရလဒ် ထွက်ခဲ့တာပါ။ ဝက်စ်ဟမ်းပွဲမှာလည်း အန်ဖီးကွင်းဟာ ပုံမှန်ထက်စာရင် တိတ်ဆိတ်နေခဲ့တာ ဖြစ်ပါတယ်။
ဂယ်ရီနဗီးက အန်ဖီးရဲ့ အားပေးမှု ပုံစံတွေက တိတ်ဆိတ်လွန်းပါတယ်လို့ ယူနိုက်တက် ပွဲအပြီး မှတ်ချက်ပေခဲ့သလို ဂိုးသမား အိုနာနာကလည်း လီဗာပူး အိမ်ကွင်းက ထင်သလောက် မဟုတ်ဘဲ သူ့ကို အနှောက်အယှက် မပေးနိုင်ခဲ့ပါဘူးလို့ ဆိုခဲ့သေးတာ ဖြစ်ပါတယ်။
Anfield didn't intimidate Andre Onana at all 😳 pic.twitter.com/v0gmlYIryO
— ESPN FC (@ESPNFC) December 17, 2023
ကလော့ပ်ကတော့ ပြိုင်ဘက်တွေထံက စော်ကားခံနေရတာကို စိတ်ပျက်နေဟန် ရှိပြီး အန်ဖီးကွင်းမှာ ဟုန်းဟုန်းတောက်တဲ့ အားပေးမှုမျိုး မလုပ်ပေးနိုင်ရင် လုပ်ပေးနိုင်မယ့် အခြားသူတွေအား လက်မှတ်တွေ ပေးလိုက်ကြဖို့ ဝေဖန်ခဲ့ပါတယ်။
“ ဒါမျိုးကို ဟိုးအရင်ကလည်း ပြောခဲ့ပြီးပြီး ဒါပေမယ့် ဒီည ပထမပိုင်းမှာတော့ အသင်းက ကစားပုံ ကောင်းနေတာတောင် ကျနော်တို့ရဲ့ နောက်ကနေ ရှိနေပေးရမယ့် ပရိသတ်တွေရဲ့ အားပေးပုံကတော့ အဆင်မပြေလှပါဘူး။
ပရိသတ်တွေကို မေးချင်တာက ခင်ဗျားတို့ ဘာကို လိုချင်နေတာလဲ? ကျနော်တို့ ပွဲထွက်လူစာရင်း အများကြီး ပြောင်းလဲပြီး ဝက်စ်ဟမ်းကို ရူးလောက်အောင် ဖိကစားထားခဲ့တယ်။
ပရိသတ်တွေနေရာ ကျနော်ဆိုရင် ၁၀၀၀% လောက်ကို အားထုတ်ပြီး အသင်းအတွက် အားပေးနေမိမှာပဲ။ ယူနိုက်တက်ကို မနိုင်ခဲ့လို့ သူတို့ အားမပေးကြတာလား။
စနေနေ့မှာ ကျနော်တို့ရဲ့ အန်ဖီးကို လိုအပ်တယ်။ ပွဲအစ ပထမဆုံး စက္ကန့်ကတည်းက တွန်းအားပေးနေမယ့် အန်ဖီးကို လိုချင်တယ်။ ပြိုင်ဘက်နည်းပြနဲ့ ကျနော် ပြဿနာတွေတတ်မှ အုန်းအုန်းမထကြပါနဲ့။ ပွဲစတည်းက အသင်းကို အားပေးကြပါ။
ဒီဇင်ဘာမှာ ပွဲတွေသိပ်များပြီး ကျနော်တို့ အကောင်းဆုံး ကစားကြရမယ်။ အသင်းကို အားပေးဖို့ ပရိသတ်တွေအနေနဲ့ ကိုယ့်ဘာသာ မလုံလောက်ဘူးထင်ရင် လက်မှတ်ကို အခြားသူကို ပေးလိုက်ကြပါ ” လို့ ကလော့ပ်က စိတ်ဆွသွားခဲ့တာ ဖြစ်ပါတယ်။
ဇယားထိပ်ပိုင်းနားမှာ ရှိနေပေမယ့် ဒီရာသီ ကြီး ၆ ကြီး ပြိုင်ဘက်တွေကို ရင်ဆို်င်ရာမှာ နိုင်ပွဲ လုံးဝ မရထားတဲ့ လီဗာပူးဟာ ချန်ပီယံ အမှတ်အသား တစ်ခုခုကို စတင် ပြသဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။