စနေနေ့ အာဆင်နယ်ပွဲကြို ကလော့ပ်က ‘Mind games’ လုပ်နေတာလို့ သတိပေးတဲ့ ကာရေဂါ

အန်ဖီးမှာ ပြင်းထန်တဲ့ တွန်းအားပေးမှုတွေ ရလိုတယ်လို့ ကလော့ပ်ရဲ့ သတိပေးချက်ဟာ မီဒီယာထက်မှာ ပွဲဆူသွားခဲ့ပါတယ်။

ဒီဇာတ်လမ်းဟာ ယူနိုက်တက်ကို ရင်ဆိုင်တဲ့ပွဲမှာ အနိုင်မရခဲ့တာကြောင့် ပြိုင်ဘက်တွေ လှောင်ပြောင်ခြင်းကို ခံရတာကနေ စတင်ခဲ့တာပါ။ ကလော့ပ်ကပဲ ပြိုင်ဘက်တွေရဲ့ စော်ကားခြင်းကို မခံဘဲ ပေါက်ကွဲပြကြစမ်းပါလို့ လီဗာပူးပရိသတ်တွေကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်ရဲ့ ပြောဆိုမှု ဗီဒီယိုကို ရှယ်ပြီး ဂယ်ရီနဗီးက “ လီဗာပူးနဲ့ ယူနိုက်တက်ပွဲမှာ သူတို့ကွင်းအကြောင်း ငါပြောတုန်းက ကတ်ကတ်လန်ခဲ့ကြတဲ့ လီဗာပူးပရိသတ်တွေ ဒီမနက် ကလော့ပ်ပြောတော့ တိတ်ကုန်ကြရော ” လို့ အန်ဖီးပွဲ အခြေအနေကို ထပ်မံ ဟားတိုက်ခဲ့တာပါ။

ကာရေဂါကတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတုန်းက ကလော့ပ် ဦးဆောင်တဲ့ အန်ဖီးအင်အားဟာ ပရီးမီးယားလိဂ် တစ်ခုလုံး ကြောက်လန့်တကြား ဖြစ်ခဲ့ရတဲ့ထိ ပြင်းထန်ခဲ့ခြင်းကို ဥပမာပေးကာ ကလော့ပ်က ပရိသတ်တွေရဲ့ မခံချင်စိတ်ကို ထပ်ဆွပေးနေတာလို့ တုန့်ပြန်ခဲ့ပါတယ်။

ကာရေဂါကပဲ “ စနေနေ့(အာဆင်နယ်) ပွဲအတွက် ကလော့ပ်က Mind games လုပ်နေတာပါ။ ယူနိုက်တက်ပွဲမှာ အားပေးမှု ပုံစံတွေ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူး ဆိုတာက ကျနော်တို့တွေက ခပ်လွယ်လွယ်နိုင်မယ်လို့ မျှော်လင့်မိခဲ့တာကြောင့်ပါ၊ အဲ့လို ခံစားချက်တွေကြောင့် ဆိုးရွားသွားတာပါ။

ဝက်စ်ဟမ်းပွဲမှာ အဆင်ပြေပါတယ်။ အန်ဖီးရဲ့ အင်အားအကြောင်း ကလော့ပ် ကောင်းကောင်းကြီး သိတာပေါ့။ ကိုဗစ်ဖြစ်ခဲ့တဲ့ ဘောလုံးရာသီမှာ အန်ဖီးအင်အားကို ကလော့ပ် အသုံးချပြခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်ကြပါလား ” လို့ ထောက်ပြခဲ့ပါတယ်။

ဒီအပတ်ပွဲမှာ အာဆင်နယ်ကို အနိုင်ရမယ်ဆိုရင် အသင်းဟာ ဇယားထိပ်ကို တက်နိုင်မှာဖြစ်သလို ဒီရာသီ ပရီးမီးယားလိဂ် စိန်ခေါ်မယ့်အသင်းဆိုတာ ကြေညာနိုင်ခြင်း ဖြစ်လာပါလိမ့်မယ်။