အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေရဲ့ ကွင်းတွေမှာ ရမှတ်တွေ ယူပြထားနိုင်တာမို့ အန်ဖီးမှာလည်း လုပ်နိုင်ရမယ်လို့ ဒီအပတ် ပွဲကြိုမှာ အာတီတာက ပြောဆိုလာပါတယ်။
၂၀၁၂ တည်းက အန်ဖီးကွင်းမှာ အာဆင်နယ်တို့ နိုင်ပွဲမရထားတာအတွက် အာတီတာက “ အိုးထရတ်ဖိုဒ့်မှာ ကျနော်တို့ ၃ မှတ်ယူခဲ့ပြီးပြီ၊ စတမ်းဖိုဒ့်ဘရစ်ချ်မှာလည်း ယူပြီးပြီ။ အန်ဖီးကွင်းကတော့ နှစ်တွေ အကြာကြီး ကျနော်တို့ မလုပ်နိုင်ခဲ့တဲ့ နေရာပါ။ အဲ့မှာ အနိုင်ယူဖို့က နောက်ထပ် စိန်ခေါ်မှုပါပဲ ” လို့ ပြောပါတယ်။
မနှစ်ကရာသီတုန်းက လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ အာဆင်နယ်ကို ၂-၀ ဖြင့် ရှုံးနိမ့်နေပြီး နောက်ပိုင်းမှ ၂-၂ ရလဒ် ပြန်ယူနိုင်ခဲ့တာပါ။ ဒီတစ်ကြိမ် တွေ့ဆုံမှုကတော့ ဇယားထိပ် လုပွဲမို့ မနှစ်ကထက် ပိုပြင်းထန်နိုင်ပါတယ်။
“ နှစ်သင်းလုံးက ပုံစံကောင်းတွေ ပိုင်ဆိုင်နေတာပါ၊ အဆင့်ကောင်းတွေမှာ ရှိနေပါတယ်။ အန်ဖီးကွင်းမှာ လီဗာပူးက ရလဒ်တွေ ကောင်းထားတာမို့ ဒီပွဲက ပြင်းထန်တဲ့ ပွဲစဉ် ဖြစ်လာပါလိမ့်မယ်။
လီဗာပူးထက် ပိုကောင်းကောင်း ကစားဖို့ လိုအပ်ပါတယ်။ သူတို့ကို လွှမ်းမိုးပြီး သူတို့ထက် ပိုကောင်းကောင်း ကစားရမယ်၊ အဲ့လို ပုံစံနဲ့ သူတို့ ပရိသတ်တွေ တိတ်ဆိတ်သွားအောင် လုပ်ရမယ်။
သူတို့က နေရာလွတ်နဲ့ အခိုက်အတန့်ကောင်း သွားပေးလိုက်ရင် အရမ်းကို အန္တရာယ်ကြီးတဲ့ အသင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့မှာလည်း ဒါတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေရှိတယ်။ ပွဲကို အပြတ်ဖြတ်နိုင်ပါတယ်။
ကျနော်တို့ လက်ရှိ လူစာရင်းနဲ့ အန်ဖီးကို သွားထားတာ ၄ ကြိမ်လောက် ရှိနေပြီမို့ သူတို့ ကွင်းအကြောင်း ထူးပြီး သတိပေးနေဖို့ မလိုပါဘူး ” လို့ အာတီတာက ပြောဆိုသွားတာ ဖြစ်ပါတယ်။
အာဆင်နယ်ဘက် ဒီပွဲကို အနိုင်ရဖို့ အတော်လေး စိတ်အားထက်သန်နေကြဟန်ရှိပြီး သူတို့ကို ကျော်ဖြတ်လို့ ဇယားထိပ် တက်နိုင်ရေး နည်းပြကလော့ပ်နဲ့ လီဗာပူး ကစားသမားတွေ အာရုံစိုက် နိုင်ပွဲရှာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။