တတိယနေရာ ဆင်းပေးရခြင်း၊ စီနီယာ ၃ ဦးရဲ့ စာချုပ်၊ စူပါလိဂ် ပယ်ချခြင်းနဲ့ အာဆင်နယ်ပွဲကြို နံနက်ခင်း လီဗာပူး သတင်းများ

မနက်ကပွဲမှာ အက်စတွန်ဗီလာက ရှက်ဖီး ယူနိုက်တက်နဲ့ ၁-၁ သရေကျခဲ့တာကြောင့် အမှတ်ပေးဇယားမှာ လီဗာပူးထက် ၁ ပွဲကိုကစား ၁ မှတ် အသာဖြင့် အဆင့် ၂ နေရာ ဝင်ယူသွားပါတယ်။

ဥရောပစူပါလိဂ်နဲ့ ပူးပေါင်းမှာ မဟုတ်ဘဲ ယူအီးအက်ဖ်အေ ပြိုင်ပွဲတွေမှာပဲ ဆက်လက် ပါဝင် ယှဉ်ပြိုင်မယ်လို့ လီဗာပူးအသင်းဘက်က တရားဝင် ကြေညာပါတယ်။

အာဆင်နယ်ပွဲမှာ မက်ကယ်လစ္စတာကော ဂျိုတာပါ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ရော်ဘတ်ဆန်ကတော့ ဇန်နဝါရီမှာ ဘောလုံး ပြန်ကစားနိုင်ဖို့ ရှိနေပါတယ်။

ဂရာဗင်ဘက်ချ်ရဲ့ ဒဏ်ရာက စိုးရိမ်စရာ မရှိတာကြောင့် အာဆင်နယ်ပွဲမှာ ပွဲနေ့ လူစာရင်းထဲ ပါဝင်နိုင်ဖွယ် ရှိပါတယ်။

လီဗာပူးအသင်းဟာ ၂၀၂၅ နွေမှာ စာချုပ်ကုန်တော့မယ့် ဆာလာ၊ ထရန့်၊ ဗန်ဒိုက်တို့ရဲ့ စာချုပ်ကိစ္စတွေ စီမံနိုင်ဖို့ကို ဦးစားပေးအဖြစ် လုပ်ဆောင်ရတော့မှာပါ။

နည်းပြကလော့ပ်က သူဟာ အန်ဖီးကွင်းက ပရိသတ်တွေကို ဝေဖန်နေခြင်း မဟုတ်ဘဲ အာဆင်နယ်ပွဲမှာ အန်ဖီးကွင်းက ပြင်းထန်တဲ့ အားပေးမှုဟာ အသင်းရဲ့ ရလဒ်ကို အကျိုးဖြစ်စေမယ်ဆိုတာ အသိပေးခြင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

နည်းပြအာတီတာက အန်ဖီးမှာ လီဗာပူးပရိသတ်တွေ ဘာသံမှ မထွက်နိုင်အောင် လုပ်ပြမယ်လို့ ကြွေးကြော်ပါတယ်။

အာဆင်နယ် ကစားသမားတွေနဲ့ ပရိသတ်တွေကတော့ အန်ဖီးကွင်းမှာ လီဗာပူးကို အနိုင်ယူမယ်လို့ ပွဲကြိုမှာ အတော်လေး ကြုံးဝါးနေကြပါတယ်။

တိုက်စစ်သမား ဂေါ်ဒန်ကို ချန်ပီယံရှစ်ကလပ်တွေက အငှားခေါ်ယူလိုနေပါတယ်။ ဂေါ်ဒန်ဟာ ဒဏ်ရာကနေ သက်သာလာတဲ့နောက် စီနီယာပွဲ အနည်းငယ် ပြန်ကစားခွင့် ရနေပါပြီ။

လီဗာပူးတိုက်စစ်မှူးဟောင်း ဆွာရက်စ်ဟာ မက်ဆီရှိတဲ့ အင်တာ မိုင်ယာမီ အသင်းထံ ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။

အဲဗာတန် ခံစစ်မှူး James Tarkowsk က ပွဲကြို သွေးပူလေ့ကျင့်ရေးမှာ ကလော့ပ်က ပြိုင်ဘက် ကစားသမားတွေကို စောင့်ကြည့်နေတာမျိုးဟာ ခြိမ်းခြောက်မှုလို့ ခံစားရကြောင်း မှတ်ချက်ပေးပါတယ်။