ပင်နယ်တီပါ ဝန်ခံတဲ့ အာဆင်နယ် ကစားသမား၊ ဂိုးသွင်းနိုင်ခဲ့သင့်တာ ဆိုတဲ့ ထရန့်၊ ခရစ္စမတ် ချန်ပီယံ ကိစ္စ Fun Facts နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

လီဗာပူးအသင်းဟာ အိမ်ကွင်းမှာ အာဆင်နယ်ကို ၁-၁ သရေကျခဲ့ခြင်းကြောင့် အမှတ်ပေးဇယား ဒုတိယနေရာကို ပြန်တက်ခဲ့ကာ ဇယားထိပ်က အာဆင်နယ်နဲ့ ၁ မှတ်အကွာမှာ ဆက်ရှိနေပါတယ်။

အာဆင်နယ်ပွဲမှာ လူကြိုက်များခဲ့တဲ့ ကစားသမား တစ်ဦးကတော့ ခံစစ်မှူး ကိုနတေးဖြစ်ပြီး ပရိသတ် အများအပြားကတော့ ခံစစ်ရဲ့ ဟီးရိုးအဖြစ် တင်စားခဲ့ကြပါတယ်။

ဒီနှစ်ထဲ လီဗာပူးထံက မြင်ထားရသမျှအတွင်း အကောင်းဆုံး စွမ်းဆောင်ရည်ကို ရင်ဆိုင်ခဲ့ရတာလို့ အာဆင်နယ် နည်းပြအာတီတာက မှတ်ချက်ပေးပါတယ်။

အိုဒီဂတ်ရဲ့ လက်ထိခြင်းအပေါ် ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ကတော့ ကစားသမားရဲ့ ခန္ဓာကိုယ် လှုပ်ရှားသွားမှုအရ သိသာထင်ရှားတဲ့ အမှား မဟုတ်ခဲ့ဘူးလို့ တုန့်ပြန်ပါတယ်။

အိုဒီဂတ်ရဲ့ ဖြစ်ရပ်ကို ပွဲထဲမှာတော့ မမြင်ခဲ့ပေမယ့် နောက်ပိုင်း ပြန်ကြည့်ချိန်မှာ သိသိသာသာ ပင်နယ်တီ ဖြစ်ရပ်ဖြစ်တယ်လို့ ကလော့ပ်က မှတ်ချက်ပေးပါတယ်။

လူပြောများနေတဲ့ ကိစ္စ တစ်ခုရှိပါတယ်။ ပရီးမီးယားလိဂ်မှာ ခရစ္စမတ်ကာလ အမှတ်ပေးဇယားကို ဦးဆောင်ခဲ့တဲ့ ကလပ်တွေထဲမှာ ချန်ပီယံ မဖြစ်ခဲ့တဲ့ ကလပ်က နှစ်သင်းပဲ ရှိပါတယ်။ အာဆင်နယ် (၂ ကြိမ်) နဲ့ လီဗာပူး (၄ ကြိမ်) ဖြစ်ပါတယ်။

အဲ့အချက်အရ အခု အာဆင်နယ်က ခရစ္စမတ်ကာလ ချန်ပီယံဖြစ်ခဲ့ခြင်းဟာ အရမ်းဆိုးတဲ့ သတင်းတော့ မဟုတ်ပါဘူး။

ဖခင်ဖြစ်သူရဲ့ ကိစ္စတွေ ပြီးကတည်းက ဒီယက်စ်ရဲ့ ခြေစွမ်း သိသိသာသာ ကျဆင်းနေတာဖြစ်ကာ ဒီကာလတွေကို ယုံကြည်မှုပိုင်း ပြန်တည်ဆောက်ဖို့ရာ အသုံးချသင့်တယ်လို့ အကြံပြုနေကြပါတယ်။ ဒူးဒဏ်ရာကြောင့် ကွင်းထဲက ထွက်ခဲ့ရတဲ့ ဒီယက်စ်ဟာ အရန်ခုံ သွားထိုင်နေတာမို့ ပြင်းထန်တဲ့ အခြေအနေတော့ ဟုတ်ဟန် မရှိပါဘူး။

ဒုတိယပိုင်းမှာ အပိုင်ရခဲ့တဲ့ အခွင့်အရေးကို သူ အဆုံးသတ် ဂိုးသွင်းနိုင်ခဲ့သင့်တာလို့ ထရန့်က ဝန်ခံပါတယ်။ သူ အနည်းငယ် ထိတ်ပြာသွားတာကြောင့် ကန်ချက် မကောင်းခဲ့တာလို့ ပြောပြပါသေးတယ်။

အာဆင်နယ်ပွဲမှာ ရခဲ့တဲ့ ညှပ်ရိုးကျိုး ဒဏ်ရာကြောင့် ကိုစတက်ဟာ မတ်လလောက်ထိ အနားယူရနိုင်ပါတယ်။ ကံကောင်းတာကတော့ နောက်လထဲ ရိုဘို ပြန်ကစားနိုင်မှာပါ။

အာဆင်နယ် တိုက်စစ်သမား ဆာကာကတော့ သူနဲ့ ထိတွေ့မှုဖြစ်ပြီး ကိုစတက် ပြင်းထန်စွာ ဒဏ်ရာရသွားခြင်းအတွက် တောင်းပန်သွားပါတယ်။

အာဆင်နယ် ခံစစ်မှူး ဆာလီဘာက အိုဒီဂတ်ရဲ့ ဖြစ်ရပ်ဟာ ပင်နယ်တီ ပေးရမှာပါလို့ ဝန်ခံလိုက်ပါတယ်။