လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီ မာဖီကတော့ လီဗာပူး ၁-၁ အာဆင်နယ်ပွဲမှာ လူတွေက ဘာကြောင့်များ ခံစစ်သမားတွေအကြောင်းပဲ စကားထဲ ထည့်ပြောနေကြတယ် နားမလည်ဘူးလို့ ဆိုပါတယ်။
သူကတော့ ဒီပွဲမှာ ကွင်းလယ် အတွင်းလူနေရာက ရိုက်စ်ရဲ့ ကစားနိုင်စွမ်းကို ကြည့်ပြီး သူ့လို ကစားသမား လီဗာပူးမှာရှိရင် ရာသီကုန် ချန်ပီယံဖြစ်နေပြီလို့ တွေးမိကြောင်း အခုလို ထုတ်ပြောသွားပါတယ်။
ဒန်နီမာဖီက ” ကစားပွဲတွေမှာ တိုးတက်လိုတဲ့ လူငယ် ကွင်းလယ်လူတွေ အနေနဲ့ ဒီပွဲကို ကြည့်ပြီး ရိုက်စ် ဘယ်လို ကစားလဲ သင်ယူသင့်ပါတယ်။ သူက သိပ်ကောင်းခဲ့ပါတယ်။ ဒီပွဲကပဲ ရိုက်စ် ဘယ်လောက်ကောင်းတယ်ဆိုတာ ကျနော်ကို မြင်စေခဲ့ပါတယ်။
တချိန်တည်းမှာပဲ လီဗာပူးမှာ ရိုက်စ်လို ကစားသမား ဘယ်လောက်တောင် လိုအပ်နေလဲ ကျနော်ကို အသိတရား ဝင်စေခဲ့တယ်။ အကယ်လို့ ရိုက်စ်က လီဗာပူး ကစားသမားဆိုရင် လီဗာပူးအသင်း ပရီးမီးယားလိဂ်ရမှာ သေချာပါတယ်။ သူက အဲ့လောက်ကို ကောင်းတာပါ။
ညကပွဲမှာ သူ သိပ်ကောင်းပါတယ်၊ ပွဲဖတ်နိုင်တယ်၊ ဘောလုံး ပြန်လုယူနိုင်တယ်။ နေရာယူကောင်းပြီး ဖိအားတွေအောက်မှာ ဘောလုံးကို ထိန်းထားနိုင်တယ်။ လိုင်းတွေကို ကျော်ဖြတ် ကစားနိုင်ပါတယ်။ ခြုံကြည့်ရင် သိပ်ကောင်းခဲ့ပါတယ်။
လီဗာပူးက ပရီးမီးယားလိဂ်ဖလား အနိုင်ရနိုင်ဆဲပါ။ ဒါပေမယ့် အဝေးကွင်း သွားကစားရတဲ့ ပွဲကြီးတွေမှာ မန်စီးတီးရဲ့ ရိုဒရီလို၊ အာဆင်နယ်ရဲ့ ရိုက်စ်လို ကွင်းလယ်လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပေးဆပ်နိုင်စွမ်းနဲ့ ပွဲအပေါ် ဉာဏ်ရည် ထက်မြက်မှုကပဲ အဆုံးအဖြတ် ပေးတာပါ။
No words pic.twitter.com/LCd0c9GAgJ
— DB (@Kloppholic) December 23, 2023
ယူနိုက်တက်ကို သရေကျပြီး ဒီပွဲကိုလည်း သရေထပ်ကျလို့ လီဗာပူးက နည်းနည်းတော့ စိတ်ပျက်နေတာ ဖြစ်နိုင်ပါတယ်။ အန်ဖီးမှာ ကစားတဲ့ ဒီနှစ်ပွဲမှာ ကလော့ပ်က အနည်းဆုံး ၄ မှတ်လောက် ရလိုနေမှာပါ။ ကိစ္စ သေးသေးလေးတွေကပဲ အဆုံးအဖြတ် ပေးသွားတာပါပဲ။
ဒီပွဲရလဒ်ကြောင့် အပျော်ဆုံး ဖြစ်နေမှာက ဂွာဒီယိုလာပါပဲ။ လီဗာပူးတို့ သရေကျသလို အက်စတွန်ဗီလာလည်း သရေကျသွားတာကြောင့် သူက နောက်ကနေ ပြန်လိုက်ပါတော့မယ် ” လို့ သုံးသပ်သွားတာ ဖြစ်ပါတယ်။
ပွဲစဉ် ၁၈ အပြီးမှာ အာဆင်နယ်က ရမှတ် ၄၀ ဖြင့် ဇယားထိပ်မှာ ရှိနေကာ လီဗာပူးအသင်းကတော့ ၃၉ မှတ်ဖြင့် ဒုတိယနေရာမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။