

ဘန်လေနဲ့ လီဗာပူးတို့ရဲ့ Boxing Day ပွဲစဉ် တာဝန်ယူမယ့် ဒိုင်လူကြီးများစာရင်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ မနက်က အာဆင်နယ်နဲ့ ၁-၁ သရေကျတဲ့ပွဲမှာ ပင်နယ်တီရသင့်ပေမယ့် ငြင်းဆန်ခံထားရသေးတာပါ။ ဘန်လေပွဲ တာဝန်ယူမယ့် ကွင်းလယ်ဒိုင်ကော VAR ဒိုင်တွေပါ လီဗာပူးနဲ့ ဇာတ်လမ်းတွေ ရှိထားဖူးကြသူတွေ ဖြစ်ပါတယ်။
ဘန်လေ vs လီဗာပူးပွဲမှာ ကွင်းလယ်ဒိုင်အဖြစ် ပေါတီယာနေး တာဝန်ယူမှာဖြစ်ကာ VAR ဒိုင်အဖြစ် ဆိုင်မွန် ဟူပါ တာဝန်ယူသွားပါမယ်။
မနှစ်ကရာသီ အန်ဖီးကွင်းမှာ လီဗာပူး ၄-၃ စပါး ပွဲစဉ်အတွင်း တီယာနေးထံက အငြင်းပွားစရာတွေ ဆုံးဖြတ်ချက်တွေ ရှိခဲ့ကာ ယာဂင်ကလော့ပ်ပါ ၁ ပွဲပယ် ခံခဲ့ရပါတယ်။ ဒီရာသီမှာ တီယာနေးဟာ လီဗာပူးပွဲ ၁ ပွဲပဲ ကိုင်ခွင့်ရထားတာပါ။ အဆိုပါပွဲဖြစ်တဲ့ ဘရန့်ဖိုဒ့်ပွဲမှာတော့ အဆင်ပြေပြေဖြစ်ထားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ဒိုင်တွေရဲ့ အဆင့်အတန်းကိုပါ မေးခွန်းထုတ်ခံခဲ့ရတဲ့ စပါး ၂-၁ လီဗာပူးပွဲမှာ ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့တဲ့ ဟူပါက ဘန်လေပွဲမှာတော့ VAR ဒိုင်အဖြစ် တာဝန်ယူပါမယ်။
မျှမျှတတ ပြောရမယ်ဆိုရင် အဲ့ပွဲမှာ ဒီယက်စ် သွင်းဂိုးဟာ ဟူပါနဲ့တော့ မဆိုင်ခဲ့ပါဘူး။ ဒါပေမယ့်လို့ ကွင်းထဲမှာ ပြသခဲ့တဲ အဝါကဒ်ပေါင်း မြောက်များစွာမှာ ဟူပါရဲ့ အမှားတွေ မကင်းခဲ့သလို ဂျိုတာရဲ့ ပထမအဝါဟာ လုံးဝ မပြသသင့်တဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။
အဲ့ပွဲနောက်ပိုင်း ဟူပါဟာ လီဗာပူးက ရှက်ဖီးကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲကို တာဝန်ယူခဲ့သေးကာ အရင်ပွဲ ဖိအားကြောင့် မှန်မှန်ကန်ကန် ဆုံးဖြတ်မှု လုပ်နိုင်ခဲ့ပါတယ်။