

လီဗာပူးအသင်းဟာ မနှစ်ကရာသီကုန်မှာ ပြောင်းလဲလိုက်တဲ့ စနစ်သစ်နဲ့အတူ စတင် အထိုင်ကျလာနေခဲ့ကာ ခရစ္စမတ်ကာလမှ အမှတ်ပေးဇယား ဒုတိယနေရာမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ရာသီကုန်ရင် လီဗာပူးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မလားက စနစ်သစ်မှာ အဓိက ထောက်တိုင်ဖြစ်နေတဲ့ ထရန့်ရဲ့ ခြေစွမ်းအပေါ် မူတည်တယ်လို့ ထောက်ပြမှုတွေ ရှိပါတယ်။ ထရန့်ကတော့ ဒီစနစ်ဟာ သူ့ကြောင့် ပြောင်းလဲ ကစားခြင်း မဟုတ်သလို သူမရှိလဲ ဒီစနစ်ကို ဆက်သုံးနေဦးမှာပါလို့ ရှင်းပြလာပါတယ်။
“ မန်နေဂျာနဲ့ လက်ထောက်နည်းပြတို့က ကျနော်ကို ခေါ်ပြီး ပွဲကို ချဉ်းကပ်မယ့် စနစ်အကြောင်း ပြောပြခဲ့ပါတယ်။ စိတ်လှုပ်ရှားစရာ တစ်ခုခုကို ကျနော် ကြားသိခဲ့ရတယ်။
သူတို့ပြောတဲ့ ပုံစံကို အခြားအသင်းတွေ ကစားနေကြတာမျိုး ကျနော် မြင်ထားပါတယ်။ ဒါက ကျနော်အတွက် စိန်ခေါ်မှုဖြစ်လာမယ်လို့ ထင်ပြီး မေးခွန်းတွေ ပြန်ထုတ်ခဲ့ပါတယ်။ ဒီပုံစံနဲ့တကွ အသင်း အထိုင်ကျလာတာကို မြင်တော့ ကျနော် အတော်လေး ပျော်ရွှင်ပါတယ်။
အတော်များများက စနစ်သစ်မှာ ကျနော်ကို အာရုံစိုက်ပြီး ပြောဆိုနေကြတာ ရှိပါတယ်။ ဒီစနစ်သစ်က ကျနော်ကြောင့် ပြောင်းရတယ်တို့၊ ဘာတို့ပေါ့။ ကျနော်က အတွင်းထဲကို ဝင်သွားရတာလေ။ ဒါပေမယ့် နည်းစနစ်ပိုင်းအရ လူတိုင်းက လှည့်ပတ်ပြီး ကစားကြရတာပါ။
Trent Alexander-Arnold, "Right Fullback".
Mastering the Art of the Long Pass. pic.twitter.com/JJ3k5dzT9l
— APFCourses (@ApfcSoccer) December 24, 2023
ခံစစ်မှူး ၃ ဦးကလည်း လှည့်ပတ်နေရတယ်၊ ကျနော်က ကွင်းလယ်ဝင်ရတယ်။ နံပါတ် ၈ သမား နှစ်ဦးက တိုက်စစ်ကို တွန်းပေးရပြီး တောင်ပံသမားတွေက အတွင်းထဲ အနည်းငယ် ဝင်ကစားရတယ်။ ဒီတော့ တစ်သင်းလုံး လှည့်ပတ်နေကြတာပါ။ စနစ်သစ်မှာ အားလုံးကလည်း အံဝင်လာကြပါတယ်။
ကျနော်တို့ အများကြီး ပြောင်းလဲခဲ့ပေမယ့် စနစ်သစ်က အလုပ်ဖြစ်နေပါတယ်။ ကျနော် မပါရင်လည်း ဒီစနစ်က အလုပ်ဖြစ်ပါတယ်။ စက်တင်ဘာတုန်းက ကျနော် ဒဏ်ရာရနေချိန်မှာ ဂိုးမက်စ်က ဒီစနစ်မှာ အံဝင်အောင် ကစားခဲ့တာပါပဲ။ ရာသီကြိုတုန်းက ဘရတ်ဒလေလည်း ဒီစနစ်နဲ့ ကစားတာပါပဲ။
ဒီနေရာမှာ (ညာခြမ်းနဲ့ ကွင်းလယ် ပေါင်းစပ်ထားတဲ့ ပုံစံ) ဘယ်သူကစားတယ် ဆိုတာထက် စနစ်တစ်ခုလုံးကပဲ ပိုအရေးကြီးပါတယ် ” လို့ ထရန့်က ရှင်းပြပါတယ်။
မနှစ်ကရာသီ အာဆင်နယ်နဲ့ ၂-၂ သရေကျတဲ့ပွဲမှာ စနစ်သစ်ကို စတင် အသုံးပြုခဲ့ပြီး ရာသီကုန် နောက်ဆုံး ၁၀ ပွဲလုံး ရှုံးပွဲမရှိခဲ့ပါဘူး။ ဒီရာသီ ပရီးမီးယားလိဂ် ၁၈ ပွဲမှာလည်း ဒီစနစ်သစ်နဲ့ပဲ ယှဉ်ပြိုင်နေကာ စပါး တစ်ပွဲကိုပဲ ရှုံးနိမ့်ထားဖူးပါတယ်။