လီဗာပူးတို့ ဒီရာသီ ကြီး ၆ ကြီး ပြိုင်ဘက်တွေကို တစ်သင်းမှ မနိုင်သေးဘဲ အဲ့ပွဲတွေအတွင်း ဘာတွေဖြစ်ခဲ့သလဲ

ခရစ္စမတ်ကာလမှာတော့ လီဗာပူးအသင်းဟာ ပထမရာသီဝက်အတွင်း ကြီး ၆ ကြီး ကလပ် အားလုံးနဲ့ ထိပ်တိုက်တွေ့ထားခဲ့ပြီ ဖြစ်ပါတယ်။ ခြေအရ မရှုံးခဲ့ပေမယ့် ရလဒ်ပိုင်းမှာတော့ ထင်သလောက် မရခဲ့တာမို့ ပွဲစဉ်တွေမှာ ဘာဖြစ်ခဲ့လဲ အကျဉ်း ဖော်ပြသွားပါမယ်။

ချယ်ဆီး ၁-၁ လီဗာပူး

အသင်းရဲ့ ပထမဆုံး ကြီး ၆ ကြီး ပြိုင်ဘက်ဟာ ရာသီအဖွင့်ပွဲအဖြစ် ချယ်ဆီးကို ရင်ဆိုင်ရမှု ဖြစ်ထားခဲ့ပါတယ်။ မာကာ၊ ဆိုဘိုတို့ရဲ့ ပထမဆုံးပွဲဖြစ်ပြီး အသင်းဟာ အစကောင်းခဲ့ပေမယ့် ကွင်းလယ်ပိုင်း မယှဉ်နိုင်ခဲ့ပါဘူး။

အဆိုပါပွဲမှာ ဂျက်ဆန် လက်ထိဘောဟာ ပင်ကိုယ် အနေအထား မဟုတ်ဘူးလို့ အငြင်းပွားစရာ ဖြစ်ခဲ့ပေမယ့် ပင်နယ်တီ မရခဲ့ပါဘူး။ မက်ကယ်လစ္စတာကို ပြိုင်ဘက်ကို အဝါကဒ်ပြဖို့ အချက်ပြခြင်းကြောင့် ဒီရာသီ စနစ်သစ်အရ အဝါကဒ် ပြသခဲ့ပါတယ်။

ကနဦး ထူးချွန်တဲ့ ပုံစံတွေ ပြသခဲ့ပေမယ့် ကွင်းလယ်လူသစ်တွေ အထိုင်မကျခြင်းကြောင့် သရေရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ ရာသီအစဖြစ်တာမို့ ဒါဟာ ထိုက်တန်တဲ့ ရလဒ်လို့ ပြောနိုင်ပါတယ်။

စပါး ၂-၁ လီဗာပူး

ဒီရာသီရဲ့ ရုပ်အဆိုးဆုံး ပွဲစဉ်ဖြစ်ပါတယ်။ ပွဲအစ ၂၆ မိနစ်မှာတင် ဆစ်ဆိုမားကို အဖျက်ကြမ်းတယ်ဆိုပြီး ကာတစ်ဂျုံး တိုက်ရိုက် အနီကဒ် ပြသခံခဲ့ရပါတယ်။ ဘောလုံး သုံးသပ်သူတွေကြားမှာ အတော်လေး အငြင်းပွားခဲ့ကြပြီး ဂျုံးဟာ ပြိုင်ဘက်ကို မရည်ရွယ်ဘဲ ဘောလုံးကို ခြေနင်းမိရာကနေ ချော်ပြီး ပြိုင်ဘက်ကို နင်းမိခဲ့တာ ဖြစ်ပါတယ်။

အဲ့ဖြစ်ရပ်အပြီး လီဗာပူးဘက်က ဒီယက်ဇ် ဂိုးသွင်းပေမယ့် VAR ဒိုင်နဲ့ ကွင်းထဲက ဒိုင်တွေ နားလည်မှု လွဲရာက ဂိုး ပယ်ဖျက်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ပရီးမီးယားလိဂ် ဒိုင်တွေက ဂိုးကို ပေးရမှာဖြစ်ပြီး နားလည်မှု လွဲခဲ့တာလို့ ဖြေရှင်းခဲ့ပါတယ်။

လီဗာပူးအတွက် တော်တော်လေး နစ်နာစေခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး ဂက်ပို အနောက်ကနေ အတိုက်ခံရကာ ဒဏ်ရာရခဲ့သလို ဒုတိယပိုင်းမှာ ဒိုင်ရဲ့ မှားယွင်းစွာ ပေးတဲ့ အဝါကဒ်ကြောင့် ဂျိုတာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရပါတယ်။ ဒီပွဲမှာ အနည်းဆုံး သရေကျခဲ့သင့်ပေမယ့် မာတစ်ရဲ့ ကြိုးစား ဖျက်ထုတ်မှုကနေ ဂိုးပေးခဲ့ရတာကြောင့် အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ရပါတယ်။

စပါးပွဲမှာရခဲ့တဲ့ ဒဏ်ရာနဲ့ ပွဲပယ် အခြေအနေတွေကြောင့် ကစားသမား ၃ ဦးလောက်ဟာ ဘရိုက်တန်ပွဲမှာ ပါနိုင်ခြင်း မရှိဘဲ လူစားလဲမှု အခက်တွေ့ခြင်းနဲ့အတူ ဆက်လက် ပေးဆပ်ခဲ့ရပါတယ်။

မန်စီးတီး ၁-၁ လီဗာပူး

ဒီရာသီ ကစားခဲ့တဲ့ ထိပ်တန်းပွဲတွေထဲမှာ လီဗာပူးအသင်း လူစာရင်း အတောင့်တင်းဆုံး၊ ခြေအငြိမ်ဆုံး ပွဲစဉ် တစ်ပွဲပါ။ မန်စီးတီးရဲ့ ဦးဆောင်မှုကို ဒုတိယပိုင်းမှာ ထရန့်က ပြန်ချေပခဲ့ပါတယ်။ ပွဲကောင်းတစ်ပွဲဖြစ်ပြီး သရေရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်။

လီဗာပူး ၀-၀ မန်ယူနိုက်တက်

လီဗာပူးအသင်းရဲ့ တိုက်စစ်ပိုင်း ညံ့ဖျင်းမှုကြောင့် အနိုင်ရသင့်တဲ့ ၃ မှတ်ကို လက်လွတ်ခဲ့ရခြင်းဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်းကပဲ ပွဲစ ပွဲဆုံး ဦးဆောင် ကစားခဲ့ပြီး ခံစစ်က သိပ်တောင် ကာကွယ်မှု မလုပ်ခဲ့ရပါဘူး။

လုခ်ရှော လက်ထိမှုဟာ သိသာခဲ့ပေမယ့် ဘောလုံးပြန်စင်ခဲ့တာဖြစ်လို့ ပင်နယ်တီ မရခဲ့ပါဘူး။ အချို့သော ရှုထောင့်အရတော့ လုခ်ရှောဟာ ဘောလုံးနဲ့ တိုက်ရိုက် ထိခဲ့တာလို့ အငြင်းပွားစရာဖြစ်ပြီး သရေရလဒ်နဲ့ မထိုက်တန်ခဲ့ပါဘူး။

လီဗာပူး ၁-၁ အာဆင်နယ်

ပွဲအစမှာတင် ဦးဆောင်ဂိုးပေးခဲ့ရပြီး ဒိုင်လူကြီးက အာဆင်နယ်ဘက် အလေးပေးခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ အိုဒီဂတ်ရဲ့ လက်ထိဘောဟာ သိသာတဲ့ ဖြစ်ရပ်ဖြစ်ပေမယ့် ပင်နယ်တီ မရခဲ့သလို ဒုတိယပိုင်းမှာ ဆာကာ အဝင်ကြမ်းပေမယ့် အင်္ဂလန်သားကို အနီကဒ် မပြခဲ့ပါဘူး။

ပွဲကတော့ ပွဲကောင်းဖြစ်ခဲ့ပြီး ဒုတိယပိုင်းမှာ ထရန့်ရဲ့ ပိတ်ချက် စိတ်မစောခဲ့ရင် လီဗာပူးအသင်းက နိုင်ပွဲရခဲ့သင့်တာပါ။ ဒီပွဲမှာလည်း အသင်းဟာ အနိုင် ၃ မှတ် အပြည့် ရခဲ့သင့်တာဖြစ်ပါတယ်။