ဘယ်ခြမ်းနေရာ ဂိုးမက်စ်နဲ့ပိတ်ပြီး ဒါဝင်၊ ဟာဗေး ပါဝင်လာမယ့် ဘန်လေပွဲကြို ပွဲထွက် လူစာရင်း ခန့်မှန်းခြင်း

လီဗာပူးအသင်းဟာ ဘောက်ဆင်ဒေး ပွဲစဉ်အဖြစ် ဒီကနေ့ညမှာတော့ ပရီးမီးယားလိဂ် တန်းတက်ကလပ် ဘန်လေအသင်းနဲ့ အဝေးကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ အဝေးကွင်းရလဒ်တွေ သိပ်အဆိုးကြီး မဟုတ်ပေမယ့် အရမ်း အကောင်းကြီးလည်း မဟုတ်ပါဘူး။ လူတန်တောင်းကို အဝေးကွင်း သရေကျတာက အဆိုးရွားဆုံးဖြစ်ကာ ချယ်ဆီး၊ မန်စီးတီး၊ ဘရိုက်တန်တို့ကို သရေကျပြီး စပါးကို ရှုံးနိမ့်ထားပါတယ်။

Team News

  • ဒီယက်ဇ် အခြေအနေ မစိုးရိမ်ရပေမယ့် ပွဲထွက်ကနေ ပါနိုင်ဖွယ် မရှိပါဘူး။
  • ဂျိုတာကို ဆေးအဖွဲ့က ခွင့်ပြုရင် ပွဲနေ့ လူစာရင်းထဲ ထည့်မှာပါ။
  • ရော်ဘတ်ဆန်က ဇန်နဝါရီ အကုန်မှ ပါနိုင်မှာဖြစ်ပြီး ကိုစတက် ၃ လလောက် အနားယူရပါမယ်။

Predicted Liverpool XI

ဂိုးသမားနေရာ အယ်လီဆန်ဖြစ်ပြီး ခံစစ်တန်းမှာတော့ ဘယ်ခြမ်းမှာ ဂိုးမက်စ် ဝင်ပါလာတာကလွဲလို့ ထရန့်၊ ကိုနတေး၊ ဗန်ဒိုက်တို့ပဲ ဆက်လက် နေရာရနေဦးမှာပါ။ အာဆင်နယ်ပွဲမှာ ထရန့်နဲ့ ကိုနတေးတို့ဟာ တောင့်တင်းတဲ့ ခံစစ်ကစားပုံတွေကို ပြသထားပါတယ်။

ဒီပွဲမှာ ကွင်းလယ်အတွဲအဖြစ် အပြောင်းအလဲ ပြုလုပ်လာနိုင်ပါတယ်။ နံပါတ် ၆ နေရာ အန်ဒိုကို ဆက်လက် နေရာပေးဖို့ရှိပြီး ဒီပွဲ အဝါကဒ်ထိရင် အန်ဒိုဟာ နယူးကာဆယ်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ သူနဲ့ တွဲဘက်အဖြစ်တော့ ဒီတစ်ကြိမ် ဟာဗေးနဲ့ ဂရာဗင်ဘက်ချ်တို့ကို ထုတ်သုံးမယ်လို့ ယူဆရပါတယ်။

လီဗာပူးကွင်းလယ်ဟာ ရာသီစတုန်းက ဆိုဘိုနဲ့ ကာတစ်ဂျုံးတို့ ခြေငြိမ်တာကြောင့် ကြည့်လို့ အဆင်ပြေလှပါတယ်။ ဒီနောက်ပိုင်းမှာတော့ ဘယ်ခြမ်း ကွင်းလယ်လူနေရာ ပုံသေ မရှိသေးသလို ဆိုဘိုကလည်း အတော်လေး ရုန်းကန်နေရပါတယ်။ အန်ဒို ခြေစွမ်း ကောင်းနေလို့ သိပ်ပြီး ရုပ်မပျက်လှတာပါ။ ဟာဗေးက​တော့ လူစားဝင်လာရင် တော်တော်လေး ကောင်းပါတယ်။

တိုက်စစ်ကတော့ ဒီယက်ဇ် မပါနိုင်တာကြောင့် ဆာလာ၊ ဂက်ပို၊ ဒါဝင် အတွဲပဲ ပွဲထွက်လာမယ် မျှော်လင့်ပါတယ်။