လီဗာပူး တိုက်စစ် ၃ ယောက်တန်းက တစ်ခုခု မှုမှန်ဘူး၊ ဘယ်ခြမ်းအတွက် ကြိုရှာထားဖို့ တိုက်တွန်းလိုက်တဲ့ ကာရေဂါ

ဂျင်မီကာရေဂါက လီဗာပူးအသင်း တိုက်စစ်ကြောင်းကို အားရမှု မရှိဘဲ ဒီယက်စ်တို့ထံက တိုးတက်မှု မမြင်ရရင် ဘယ်ခြမ်းအတွက် လူသစ် ထပ်ရှာဖို့ အသင်းကို တိုက်တွန်းလိုက်ပါတယ်။

လီဗာပူးတိုက်စစ်ဟာ ယူနိုက်တက်ကို ရင်ဆိုင်တုန်းက ဂိုးကန်ချက်ပေါင်း ၃၀ ကျော်ရခဲ့ပေမယ့် သွင်းဂိုး မရခဲ့ပါဘူး။ အာဆင်နယ်ပွဲမှာတော့ ၁၃ ကြိမ်ကျော် ကန်ခဲ့ရာမှာ ဆာလာရဲ့ ကောင်းမွန်တဲ့ အဆုံးသတ်ကပဲ သွင်းဂိုး ဖြစ်ခဲ့တာပါ။

အာဖရိကဖလားပွဲအတွက် ဆာလာ သွားကစားချိ်န်မှာ ဒါဝင်၊ ဂက်ပို၊ ဒီယက်စ်တို့ ၃ ဦးလုံးရဲ့ စွမ်းဆောင်ရည် မတည်ငြိမ်မှုက အသင်းကို ဒုက္ခပေးလာနိုင်ပါတယ်။ ကာရေဂါကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၅ ပွဲမှာ သွင်းဂိုး ၁ ဂိုးပဲ ရထားတဲ့ ဒါဝင်ကို ပွဲထွက်ကနေရာပေးဖို့ တိုက်တွန်းပါတယ်။

ကာရေဂါကပဲ ” လီဗာပူး တိုက်စစ်တန်းကိုကြည့်၊ တစ်ခုခု အဆင်မပြေဘူးလို့ ခံစားနေရတယ်။ ဂက်ပိုက လီဗာပူးကို ရောက်လာတာ ၁၂ လရှိနေပြီ၊ သူက တစ်ခါတစ်ခါ ထထတောက်ပေမယ့် လုံလောက်အောင် ခြေစွမ်းမပြနိုင်ဘူး။

ဒီယက်စ်ကလည်း မနှစ်တုန်းက ဒူးဒဏ်ရာ ရပြီးတည်းက သူ့ရဲ့ အကောင်းဆုံးတွေ ပျောက်ဆုံးနေတယ်။ ဒီယက်စ် အနေနဲ့ လက်ကျန် ရာသီဝက်မှာ ခြေစွမ်း ကောင်းလာဖို့ လိုအပ်တယ်။ မဟုတ်ရင်တော့ လီဗာပူးတို့ နွေကျရင် ဘယ်ခြမ်းအတွက် အားဖြည့်မှပဲ ရတော့မယ်။

မာနေးနဲ့ ဖာမင်နိုတို့ ထွက်သွားပြီးတည်းက သူတို့လို ကစားသမားတွေရဲ့ အရည်အချင်းမျိုးတွေကို လီဗာပူးအသင်းဘက်က အစားထိုးနိုင်ခြင်း မရှိပါဘူး။

အာဆင်နယ်ပွဲမှာ ဒါဝင်ကို အရန်ခုံ ထိုင်ခိုင်းတာကို နားလည်ပေးလို့ရပါတယ်။ သူက ဂိုးသွင်းနှုန်း မကောင်းပါဘူး ဒါပေမယ့် ဒါဝင်ကလည်း လီဗာပူးရဲ့ ပွဲထွက်လူစာရင်းမှာ ပထမဆုံး ချရေးခံရသင့်သူပါ။

ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ကာရာဘောင်းပွဲမှာ သူက သွင်းဂိုးတွေအတွက် ဖန်တီးမှုတွေကော ပြိုင်ဘက်တွေ ထိတ်လန့်တစ်ကြားဖြစ်အောင်ပါ လုပ်နိုင်ခဲ့ပါတယ်။ ဒါဝင်က ပြိုင်ဘက်ကို ကျော်ဖြတ်ပြေးနိုင်စွမ်း ရှိပါတယ်။ ကွင်းထဲမှာ သူလုပ်ပြနိုင်တာတွေ ရှိပါတယ်။

သူ့အတွက် ဆင်ခြေတွေ ပေးနေရဆဲဆိုပေမယ့် တိုက်စစ် ၃ ယောက်တန်းမှာ ဆာလာကို ထိပ်ဆုံး ချရေးရင် ဒါဝင်ကို ဒုတိယနေရာမှာ ထည့်သင့်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။